နယူးဇီလန် ဗလီကျောင်းတိုက်ခိုက်မှု တရားခံက ၎င်းမှာ အပြစ်မရှိဟု လျှောက်လဲ

နယူးဇီလန် ဗလီကျောင်းတိုက်ခိုက်မှု တရားခံက ၎င်းမှာ အပြစ်မရှိဟု လျှောက်လဲ

ဇွန် ၁၄ ။       ။ လူ ၅၁ ဦး သေဆုံးခဲ့တဲ့ နယူးဇီလန်နိုင်ငံ ခရစ်ချာ့ချ်မြို့က ဗလီကျောင်းနှစ်ခု ပစ်ခတ်တိုက်ခိုက်မှုတွေမှာ ကျူးလွန်သူလို့ စွပ်စွဲခံထားရတဲ့ သေနတ်သမားအမျိုးသားက သူ့အပေါ် စွဲဆိုထားတဲ့ စွဲချက်အားလုံးအတွက် ၎င်းတွင် အပြစ်မရှိဟု ဇွန်လ ၁၄ ရက်က လျှောက်လဲထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။

၎င်းအပေါ် စွဲချက်တင်ထားတဲ့ လူသတ်မှုစွဲချက်တွေနဲ့ အကြမ်းဖက်မှု စွဲချက် အားလုံးနဲ့ ပတ်သက်လို့ သူ့မှာ အပြစ်မရှိဘူးဆိုပြီး ယင်း သေနတ်သမားက လျှောက်လဲခဲ့တာဖြစ်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်က နယူးဇီလန်တောင်ပိုင်းကျွန်းမြို့မှာ ဖြစ်ခဲ့တဲ့ ရက်စက်တဲ့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အသက် ၂၈ နှစ်အရွယ် သြစတြေးလျနိုင်ငံသား လူဖြူလူမျိုးကြီးဝါဒီ ဘရန်တန် တာရန့်တ်ကို လူပေါင်း ၅၁ ယောက်ကို သတ်ဖြတ်မှု၊ လူသတ်ရန် ကြိုးစားမှု စွဲချက် ၄၀ နဲ့ အကြမ်းဖက်မှု စွဲချက်တစ်ခုတို့နဲ့ စွဲချက်တင် တရားစွဲထားတာဖြစ်ပါတယ်။

အကျဉ်းထောင်ထဲကနေ တရားရုံးနဲ့အကြား ဗီဒီယိုနဲ့ချိတ်ဆက်ထားတဲ့ မြင်ကွင်းမှာတော့ တရားခံ တာရန့်တ်ဟာ ငြိမ်သက်စွာ ထိုင်နေခဲ့ပြီး ၎င်းရဲ့ ရှေ့နေဖြစ်သူက တာရန့်တ်ရဲ့ လျှောက်လဲချက်ကို ဖတ်ကြားပြသွားခဲ့ပါတယ်။

မတ်လ ၁၅ ရက် ဗလီကျောင်း တိုက်ခိုက်မှုမှာတော့ မွတ်ဆလင်ဝတ်ပြုသူ ၅၀ ကျော် သေဆုံးခဲ့ရတာဖြစ်ပြီး ဒါဟာ နယူးဇီလန်သမိုင်းမှာ အဆိုးဝါးဆုံးသော ပစ်ခတ်မှုဖြစ်စဉ်လည်း ဖြစ်လာခဲ့ပါတယ်။

တရားရုံးစစ်ဆေးကြားနာမှုကိုတော့ လာမယ့်နှစ် မေလ ၄ ရက်မှာ ပြုလုပ်ဖို့ သတ်မှတ်ထားပြီး လာမယ့် သြဂုတ် ၁၄ ရက် ယင်းအမှုကို ပြန်လည် သုံးသပ်မှု မတိုင်ခင်အထိ မစ္စတာ တာရန့်တ်ကို ဆက်လက် ထိန်းသိမ်းဖမ်းဆီးထားဖို့ ချုပ်မိန့်ပေးထားဦးမှာဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly