အိုမန်ပင်လယ်ကွေ့ ရေနံတင်သင်္ဘော တိုက်ခိုက်ခံရမှုမှာ အီရန် ကျူးလွန်ကြောင်း အမေရိကန် စွပ်စွဲ

အိုမန်ပင်လယ်ကွေ့ ရေနံတင်သင်္ဘော တိုက်ခိုက်ခံရမှုမှာ အီရန် ကျူးလွန်ကြောင်း အမေရိကန် စွပ်စွဲ

ဇွန် ၁၄ ။              ။ အိုမန်ပင်လယ်ကွေ့မှာ ဇွန်လ ၁၃ ရက်က ရေနံတင်သင်္ဘောနှစ်စင်း တိုက်ခိုက်ခံရပြီး မီးလောင်ခဲ့မှုဖြစ်စဉ်မှာ ကျူးလွန်သူ လက်သည်တရားခံက အီရန်ဖြစ်ကြောင်း အမေရိကန်က ထုတ်ဖော်စွပ်စွဲလိုက်ပါတယ်။

ယမန်နေ့က ဖြစ်စဉ်ကြောင့် အဆိုပါ ဒေသမှာ တင်းမာမှုတွေကို ထပ်တိုးစေခဲ့သလို ကမ္ဘာ့ရေနံစျေးတွေကိုပါ မြင့်တက်စေခဲ့ပါတယ်။

ခုလို အမေရိကန်ရဲ့ စွပ်စွဲချက်ဟာ အခြေအမြစ် မရှိဘူးဆိုပြီးတော့ အီရန်က ပြန်လည် တုန့်ပြန်သွားခဲ့ပါတယ်။

၀ါရှင်တန် အနေနဲ့ကတော့ ယင်းဒေသတွင်းမှာ ယင်းတို့ရဲ့ တပ်ဖွဲ့တွေ၊ မဟာမိတ်တွေကို ကာကွယ်ပေးသွားမှာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပဲယိုးက သတိပေးသွားပါတယ်။

တိုက်ခိုက်ခံခဲ့ရတဲ့ ဂျပန် သင်္ဘောပေါ်ကနေ မပေါက်သွေးတဲ့ မိုင်းတွေကို အီရန်တို့ လာရောက်ဖယ်ရှားသွားခဲ့ကြောင်း အမေရိကန်က ဗီဒီယိုတစ်ခုထုတ်လွှင့် စွပ်စွဲခဲ့ပါတယ်။

ဒါ့အပြင် ယခု ကိစ္စကို မကြာမီ တွေ့ဆုံမယ့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ တင်ပြသွားမယ်လို့ သိရပါတယ်။

အလားတူ ယခု သင်္ဘောတွေ တိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ အသုံးပြုသွားတဲ့ လက်နက်အမျိုးအစားနဲ့့ ပတ်သက်လို့ အမေရိကန်ဘက်က စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း ပွန်ပဲယိုးက ပြောသွားပါတယ်။

ယမန်နေ့က ဖြစ်စဉ်မှာတော့ ဂျပန်ပိုင် ရေနံတင်သင်္ဘောတစ်စင်းနဲ့ နော်ဝေ ကုမ္ပဏီတစ်ခုပိုင် သင်္ဘောတစ်စင်းတို့ တိုက်ခိုက်ခံရပြီး ပေါက်ကွဲမီးလောင်မှုဖြစ်ကာ သင်္ဘောအမှုထမ်းတွေကိုတော့ ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ မဟာဗျူဟာကျ ပင်လယ်ရေလမ်းကြောင်းမှာ ခုလို ရေနံတင်သင်္ဘောတွေ တိုက်ခိုက်ခံရမှုဟာ တစ်လတည်းနဲ့ နှစ်ကြိိမ် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိမှာ အမေရိကန်နဲ့ အီရန်အကြား တင်းမာမှုတွေ ဆက်မြင့်တက်လာနေချိန် အပြန်အလှန် ချုပ်ထိန်းကြဖို့ ဥရောပသမဂ္ဂက တိုက်တွန်းထားပါတယ်။

 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly