ကိုယ်တွေနဲ့အတူ ဖေဖေမေမေတို့လည်း အသက်အရွယ်ကြီးရင့်လာတယ်ဆိုတာ မမေ့ပါနဲ့

ကိုယ်တွေနဲ့အတူ ဖေဖေမေမေတို့လည်း အသက်အရွယ်ကြီးရင့်လာတယ်ဆိုတာ မမေ့ပါနဲ့

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ကိုယ်တွေအရွယ်ရောက်အသက်ကြီးလာတာနဲ့အတူ ဖေဖေမေမေတို့ကလည်း အသက်အရွယ်ကြီးရင့်လာကြတယ်ဆိုတာကို မေ့မထားသင့်ပါဘူး။ ငယ်ငယ်က ကိုယ်လိုချင်တာကို မေမေဖေဖေတွေက ဝယ်ပေးတယ်။ စားချင်တာရှိရင် မေမေဖေဖေတို့က ဝယ်ကျွေးတယ်။ အသက်အရွယ်ကြီးရင့်လာတဲ့အခါ ကိုယ့်ဘက်က တစ်လှည့်ပြန်စောင့်ရှောက်ရတော့မှာပါ။ ပြန်နားလည်စိတ်ရှည်ပေးရတော့မှာပါ။ ဒါကတော့ ဖြစ်တတ်တဲ့လောကနိယာမတစ်ခုပဲလေလို့ ခပ်ပေါ့ပေါ့မတွေးလိုက်စေချင်ပါဘူး။
ဖေဖေမေမေတို့ကို နားလည်ကြင်နာပါ

မှတ်မိကြသေးလား။ ငယ်ငယ်က ဘာမှမလုပ်နိုင်သေးခင် စကားတောင်မပြောနိုင်ခင်မှာ မေမေက အမူအရာလေးကိုကြည့်ပြီး နို့ဆာတာလား၊ ရှုးပေါက်ထားတာလား၊ ရေဆာတာလား၊ အိပ်ချင်တာလားဆိုတာကို သေချာလေးဂရုစိုက်ပေးခဲ့တာကို။ ဖေဖေကလည်း အိပ်ချင်တဲ့အခါ ချော့သိပ်ပေးခဲ့တာ၊ လိုချင်တာကိုဝယ်ပေးခဲ့တာ၊ သွားချင်တဲ့ဆီကို လိုက်ပို့ပေးခဲ့တာတွေကိုလေ။

အရွယ်ရောက်လာတာနဲ့အမျှ ကိုယ်ဆန္ဒရှိရာကို ကိုယ်လုပ်နိုင်တာများလာလေလေ ဖေဖေမေမေဆီက အကူအညီယူရတာနည်းလာလေလေဖြစ်တာကြောင့် ဒီအချက်လေးတွေကို မေ့ကောင်းမေ့သွားနိုင်ပါတယ်။ ဒါပေမယ့် အခုလက်ရှိရရှိနေတဲ့ အောင်မြင်မှုတွေ၊ အလုပ်ရာထူးတွေကကိုယ့်ကြိုးစားမှုတွေကြောင့်ရလာတာဆိုပေမယ့် မေမေဖေဖေတို့ရဲ့ ပျိုးထောင်စောင့်ရှောက်မှုတွေက တစ်စိတ်တစ်ပိုင်းက ပါနေတယ်ဆိုတာကို မေ့ထားလို့မရပါဘူး။

အခုကိုယ်တောင် ကိုယ်ဆန္ဒရှိရာကို ကိုယ်တိုင်ဝယ်နိုင်ပြီ။ ဆန္ဒရှိရာနေရာကို ကိုယ်တိုင်သွားနေနိုင်ပြီဆိုရင် မေမေဖေဖေတို့ကလည်း အသက်အရွယ်ကြီးရင့်လာနေပြီပေါ့။ အသက်အရွယ်ရလာတာနဲ့အမျှ ခန္ဓာကိုယ်က စိတ်သွားတိုင်း ကိုယ်မပါတော့ပါဘူး။ မေမေဖေဖေတို့က အရင်ကလောက် သွက်သွက်လက်လက်မလုပ်နိုင်တော့ဘူး။ ဒီအချိန်ကကိုယ်တွေက ပြန်စောင့်ရှောက်ရမယ့်အချိန်ပါ။
ဖေဖေမေမေတို့ကို ဘယ်လိုစောင့်ရှောက်ပေးမလဲ……..

ရင်ဖွင့်တာကိုနားထောင်ပေးပါ – တစ်နေ့တာမှာ အလုပ်တွေပင်ပန်းလာရင်တောင် မေမေဖေဖေတို့ရဲ့ တစ်နေ့တာအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး ရင်ဖွင့်သံတွေကို နားထောင်ပေးပါ။ ငယ်ငယ်ကကျောင်းကပြန်လာရင် အတွေ့အကြုံတွေကို ပြန်ပြောပြရင် မေမေဖေဖေတို့က နားထောင်ပေးခဲ့ကြတယ်လေ။

ပျော်ရွှင်စရာအချိန်လေးတွေဖန်တီးပါ – မေမေနဲ့ တူတူဈေးဝယ်ထွက်ခဲ့တာ ဘယ်တုန်းကလဲ။ ပြန်စဉ်းစားပါ။ ဖေဖေနဲ့ရော တူတူအော်ဟစ်လို့ အားကစားပွဲတွေအားပေးခဲ့တာ ဘယ်အချိန်ကနောက်ဆုံးလဲ။ မိသားစုလက်ဆုံ ညစာစားတာမျိုးဖြစ်ဖြစ်၊ ပျော်စရာအစီအစဉ်လေးတွေကို တူတူကြည့်တာမျိုးဖြစ်ဖြစ် လုပ်ပေးပါ။ ငယ်ငယ်က ဖေဖေမေမေတွေက သူတို့အကြိုက်မဟုတ်ပေမယ့် ကိုယ်တွေအကြိုက် ကာတွန်းကားကို တူတူကြည့်ပေးခဲ့တယ်၊ တိရစ္ဆာန်ရုံကိုလိုက်ပို့ပေးခဲ့တယ်လေ။

လေ့ကျင့်ခန်းတူတူလုပ်ပါ – မေမေတို့နဲ့အတူ လေ့ကျင့်ခန်းလုပ်ပေးတာက ဖေဖေမေမေတို့ကို စိတ်ပျော်ရအင်စေတဲ့ အချက်တစ်ခုပါ။ ဂရုစိုက်မှုကို ပြသရာလည်းရောက်ပါတယ်။ အများကြီးမဟုတ်တောင် လမ်းအတူတူလျှောက်ပေးတာမျိုးလုပ်ပေးပါ။

အတိတ်အကြောင်းတွေပြန်ပြောပါ – ငယ်ငယ်ကပုံရိပ်တွေက မေမေဖေဖေတို့ကို လန်းဆန်းတက်ကြွစေနိုင်ပါတယ်။ ငယ်ငယ်က ဘယ်သားသမီးက ဘယ်လိုဆိုတာမျိုးတွေကို မမောနိုင်မပန်းနိုင်ပြောတတ်ကြတာ မေမေဖေဖေတွေပါ။ ဒီတော့ ငယ်ငယ်က ဓာတ်ပုံလေးတွေကို ကြည့်ရင်းဖြစ်ဖြစ် ငယ်ဘဝလေးကို ပြန်ပြောင်းပြောပါ။

ဆေးအချိန်မှန်တိုက်ပေးပါ – အသက်ကြီးလာတဲ့အခါ ဖေဖေမေမေတို့က သတိမေ့နိုင်ပါတယ်။ ဒီလိုအချိန်မှာ ကိုယ်က ဆေးသောက်ဖို့ရှိမယ်ဆိုရင် အချိန်မှန်မှန် နဲ့ ဂရုတစိုက်လေးဆေးတိုက်ပေးပါ။

သတင်းစာဖတ်ပြပါ – လူကြီးတွေစိတ်ဝင်စားတတ်တာက နေ့တိုင်းသတင်းထူးတွေလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် သတင်းစာဖတ်ပြတာကလည်း မေမေဖေဖေတို့ကို ဂရုစိုက်ရာရောက်ပါတယ်။

တိုင်ပင်ပါ – တစ်ခုခုကို ဆုံးဖြတ်ဖို့ရှိတဲ့အခါ ဖေဖေမေမေတို့ကိုလည်း အလေးတစိုက်နဲ့ အကြံဉာဏ်တောင်းတာမျိုးလုပ်ပေးပါ။ ဒါမှ ဖေဖေမေမေတို့က သူတို့ကိုယ် သူတို့ ယုံကြည်မှုတိုးလာစေမှာပါ။

ကျန်းမာရေးစစ်ဆေးမှုလုပ်ပေးပါ – ပုံမှန်ကျန်းမာရေးစစ်ဆေးမှုလုပ်ပေးဖို့မမေ့ပါနဲ့။ နောက်တစ်ချက်က နေ့တိုင်း ဘယ်နေရာကနေမကောင်းလဲဆိုတာကို မေးဖို့လည်း သတိရပါ။ ဒါမှ ဖေဖေမေမေတို့ကို ကျန်းမာပျော်ရွှင်နေအောင် လုပ်ဆောင်ပေးနိုင်မှာပါ။

အာဟာရမျှတအောင် ကျွေးပါ – နေ့စဉ်စားသုံးတဲ့ အာဟာရတွေထဲမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အာဟာရတွေပါဝင်အောင် ဂရုစိုက်ကေမးပေးပါ။ ပုံမှန်အစားစားဖြစ်အောင်လည်းဂရုစိုက်ပေးပါ။ ဖေဖေမေမေတိုပကို ရေဓာတ်မလုံလောက်တာမျိုးမဖြစ်စေဖို့ ရေသောက်မိအောင်လည်း ဂရုစိုက်ပေးပါ။

အိပ်ချိန်ဂရုစိုက်ပါ – ပြည့်ဝတဲ့ အိပ်စက်မှုက ကျန်းမာစေခြင်းရဲ့ လျှို့ဝှက်ချက်တစ်ခုပေါ့။ ဒါကြောင့် တစ်ညကို အနည်းဆုံး အိပ်ချိန် ၈ နာရီရှိအောင် ဂရုစိုက်ပေးပါ။

တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပေးပါ – တစ်ကိုယ်ရေသန့်ရှင်းရေးဆိုတဲ့နေရာမှာ မေမေကတစ်ယောက်တည်းခေါင်းလျှော်ဖို့ မဖြစ်နိုင်တဲ့အခါ ခေါင်းလျှော်ပေးတာမျိုး၊ ခြေသည်းလက်သည်းညှပ်ပေးတာမျိုးပါ။ လိုအပ်မယ့်အရာလေးတွေကို သေချာလေးဂရုစိုက်လုပ်ပေးပါ။

ဒီအချက်လေးတွေကို ဂရုစိုက်ပေးလို့ မေမေဖေဖေတို့ကို ကျန်းမာပျော်ရွှင်စွာ အသက်ကြီးနိုင်အောင် ကူညီပေးလိုက်ပါ……..

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly