ရေနံတင်သင်္ဘော ၂ စင်း အိုမန် ပင်လယ်ကွေ့မှာ တိုက်ခိုက်ခံရမှု စုံစမ်းစစ်ဆေးနေ

ရေနံတင်သင်္ဘော ၂ စင်း အိုမန် ပင်လယ်ကွေ့မှာ တိုက်ခိုက်ခံရမှု စုံစမ်းစစ်ဆေးနေ

ဇွန် ၁၃ ။        ။ ရေနံတင်သင်္ဘော နှစ်စင်း အိုမန် ပင်လယ်ကွေ့မှာ တိုက်ခိုက်ခံခဲဲ့ရပြီး သင်္ဘောအမှုထမ်းတွေကတော့ ဘေးကင်းရာ ထွက်ခွာနိုင်ခဲ့ကြောင်း သင်္ဘောကုမ္ပဏီတွေက ဇွန် ၁၃ မှာ ပြောပါတယ်။

ဒါဟာ ယင်းဒေသမှာပဲ ပြီးခဲ့တဲ့ တစ်လတုန်းက အလားတူ တိုက်ခိုက်မှုဖြစ်စဉ်တစ်ခုအတွင်း ဆီတင်သင်္ဘော လေးစင်း ထိခိုက်ခဲ့ရတဲ့ ဖြစ်စဉ်နောက်ပိုင်း ယခုဖြစ်စဉ် ထပ်ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ရေနံဓာတုကုန်ကြမ်းတွေ တင်ဆောင်ထားခဲ့တဲ့ Front Altair သင်္ဘောကတော့ ပင်လယ်ကွေ့ အာရပ် နိုင်ငံတွေနဲ့ အီရန်အကြား ရေပြင်မှာ မီးလောင်နေခဲ့တယ်လို့ သိရပါတယ်။

ယင်း သင်္ဘောမှာ ရေထဲ နစ်မြုပ်သွားကြောင်း အီရန် သတင်းအေဂျင်စီက ပြောပေမယ့် နော်ဝေ ပိုင်ရှင်ကတော့ ယင်းဟာ ရေပေါ်မှာသာ ရှိနေပြီး အမှုထမ်းတွေကတော့ ဘေးကင်းတယ်လို့ ပြောပါတယ်။ နောက် သင်္ဘောတစ်စင်းကတော့ ရေယာဉ်အမှုထမ်း မရှိဘဲ ရေထဲ မျောနေခဲ့တယ်လို့ သိရပါတယ်။

ဘာရိန်း အခြေစိုက် အမေရိကန် ရေတပ် ရေယာဉ်အစုအဖွဲ့ကတော့ သင်္ဘောတွေဆီက အကူအညီတောင်းမှုကို ရလို့ သွားရောက်ကူညီနေတယ်လို့ သိရပါတယ်။ ဗြိတိန် ပင်လယ်ရေကြောင်း ကုန်သွယ်မှု ဌာနကလည်း ယင်းကိစ္စကို ပူးပေါင်းစုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

ဇွန်လ ၁၃ ရက်မှာဖြစ်ခဲ့တဲ့ ယခုဖြစ်စဉ်နဲ့ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ သင်္ဘောကုမ္ပဏီတစ်ခုရဲ့အဆိုအရ အထက်ပါ သင်္ဘောတစ်စင်းဟာ တော်ပီဒို ထိမှန်ခဲ့တယ်လို့ သံသယရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လက ယင်းဒေသမှာ သင်္ဘောလေးစင်း တိုက်ခိုက်ခံရမှုဖြစ်စဉ်မှာတော့ ဆော်ဒီအာရေးဗျနဲ့ အမေရိကန်တို့က အီရန်အပေါ် အပြစ်ဖို့ခဲ့ပေမယ့် အီရန်ကတော့ ပြန်လည် ခုခံငြင်းဆန်ထားခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly