စိုက်ဘဏ် ချေးငွေ နောက်ကျနေခြင်း မဟုတ်ဘဲ ချေးမည့်သူများ မလာသေးခြင်းဟု ဆို

စိုက်ဘဏ် ချေးငွေ နောက်ကျနေခြင်း မဟုတ်ဘဲ ချေးမည့်သူများ မလာသေးခြင်းဟု ဆို
Photo - EPA

ပုသိမ်၊ ဇွန် ၁၂ ။             ။ ဧရာဝတီတိုင်းဒေသကြီးတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ငွေချေး နောက်ကျနေခြင်းမဟုတ်ဘဲ ဇွန် ၁၂ ရက်နေ့အထိ ၃၅ ဘီလီယံကျော် ထုတ်ချေးပြီးကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်၊ တိုင်းမန်နေဂျာ ဦးသန်းဌေးအောင်က ပြောသည်။

“ လယ်သမားအများစု တင်ပြကြ၊ ပြောကြယ်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ချေးငွေချေးတာ နောက်ကျတယ်ဆိုတာ နှစ်စဉ် မေလမှာ ချေးပါတယ်။ တစ်ဘက်ကလည်း မနှစ်က အနီးဆုံးကြွေးပေါ့။ ၂၀၁၈ ခုနှစ် မိုးရာသီချေးငွေ၊ ဆောင်းရာသီချေးငွေတွေက တစ်ဘက်က ပြန်ဆပ်ပေါ့။ အခုဆိုရင် မိုးချေးငွေက ၆၉.၃ ရာနှုန်း၊ လူ ၁၀၀ မှာ ၆၉ ယောက် ဆပ်တယ်ပေါ့။ ၃၀ ကျော် ကျန်ပါသေးတယ်။ ဆောင်းချေးငွေဆိုလည်း ၃၉.၇၈ ရာနှုန်းပဲ ဆပ်သေးတယ်၊ လူ ၁၀၀ မှာ ၃၉ ယောက်ပဲ ဆပ်သေးတယ်၊ ကြွေးကျန်တဲ့နှစ်က ကြွေးဖြစ်ဖြစ်၊ လွန်ခဲ့သော ကြွေးဖြစ်ဖြစ်၊ ကြွေးတစ်ကြွေးကျန်ရင် ကြွေးသစ် ထုတ်ချေးခြင်းမရှိပါဘူး” ဟု တိုင်းမန်နေဂျာ ဦးသန်းဌေးအောင်က ပြောသည်။

ကြွေးဟောင်းများကို ဆပ်ပြီးမှ ထပ်မံ ထုတ်ချေးခြင်းဖြစ်ပြီး ချေးမည့်သူများ မလာသေးသောကြောင့် ဖြစ်သည် ဟု ၎င်းက ဆိုသည်။

“ အားလုံးက ကြွေးက အခုမှ ဆပ်၊ ထုတ်ပုံစံမျိုး။  အခုဆပ်မယ် နောက်ရက်ပိုင်းအတွင်း ချေးချင်တယ်။ အဲဒီလိုဆပ်ဖို့ ရှာကြဖွေကြတုန်း ပေးဆပ်သူက အားလုံးမဆပ်သေးတော့ ကျွန်တော်တို့က ချေးခြင်းလို ထိုင်စောင့်နေလည်း ချေးမဲ့သူက မလာသေးဘူး၊ ကျေတဲ့သူတွေကလည်း လာမချေးကြသေးဘူး၊ ရွာက မကျေသေးတဲ့သူကို စောင့်နေတာ ရှိတယ်။ စာရင်းဇယားတွေ ပြုစုတာ ရှိတယ်။ ရွာက အဆိုပြုလွှာတင်တာ နောက်ကျတယ်။ ချေးမဲ့သူက မလာဘူး။ ပြီးတော့ စိုက်ဘဏ် ငွေချေးတာ နောက်ကျတယ် ဖြစ်လာတယ်။ တကယ်တမ်းက ကျွန်တော်တို ့နောက်မကျပါဘူး။ အချိန်နဲ့ တပြေးညီ ဆောင်ရွက်နေပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဦးသန်းဌေးအောင်က ပြောသည်။

လယ်သမားများအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် လယ်တစ်ဧကလျှင် ၁၅၀၀၀၀ ကျပ်နှုန်း ထုတ်ချေးပေးပြီး၊ လယ်သမားတစ်ဦးလျှင် လယ်တစ်ဧကမှ လယ်ယာဆယ်ဧကအထိသာ ထုတ်ချေးပေးခြင်း ဖြစ်ကာ ၂၀၁၉ ခုနှစ် မိုးရာသီစိုက်စရိတ်ချေးငွေ ၂၉၂ ဘီလီယံကျော် ထုတ်ချေးပေးနိုင်မည် ဟု ခန့်မှန်းထားသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် လယ်ယာဧက ၁၉ သိန်းကျော်အား စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးခဲ့ပြီး မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအား မေလမှ စက်တင်ဘာလအထိ ထုတ်ချေးပေးခြင်း ဖြစ်ကာ ၂၀၁၈ ခုနှစ်ကလည်း ဘီလီယံ ၂၀၀ ကျော် ထုတ်ချေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required