လေလွင့်ခွေး ရှင်းလင်းစဉ် ခွေးကို အိမ်ထဲ ခေါ်ယူထားခဲ့သဖြင့် ဝင်ရောက်ရှာဖွေခဲ့ရ

လေလွင့်ခွေး ရှင်းလင်းစဉ် ခွေးကို အိမ်ထဲ ခေါ်ယူထားခဲ့သဖြင့် ဝင်ရောက်ရှာဖွေခဲ့ရ
ဓာတ်ပုံ - စိုးသူအောင် (မဇ္စျိမ)

ရန်ကုန်၊ ဇွန် ၁၃ ။          ။ လသာမြို့နယ်တွင် ယနေ့ နံနက်အစောပိုင်းက လေလွင့်ခွေးရှင်းလင်းရာတွင် ခွေးတစ်ကောင်အား နေအိမ်အတွင်း ခေါ်ယူထားသဖြင့် အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်ရှာဖွေခဲ့ရသည်ဟု လေလွင့်ခွေးကင်းစင်ရေးအဖွဲ့မှ ကိုအောင်နိုင်ထွန်းက ပြောသည်။

မှတ်ပုံတင်ပြုလုပ်ထားခြင်း မရှိသော လေလွင့်ခွေး ၅ ကောင်ကို ယင်းအိမ်မှ မွေးမြူထားခြင်းဖြစ်ပြီး ပတ်ဝန်းကျင် မှ တိုင်တန်းခဲ့ခြင်းကြောင့် ရှာဖွေရာ နေအိမ်ရှေ့တွင် ၄ ကောင်ကို အရင်တွေ့ရှိခဲ့ပြီးမှ နေအိမ်ပေါ်တွင် ၁ ကောင် ထပ်မံတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

 “ ၅ကောင်၊ ၁ ကောင်ကို စည်ပင်ကို ပေးတယ်။ ၃ ကောင်ကို အဝေးပြေးဝင်းကို ပို့မယ်ဆိုပြီးတော့ ခေါ်သွားတယ်ပေါ့နော်။ ပတ်ဝန်းကျင်က ထပ်တိုင်လို့ ဝင်ပြီးရှာတာ။ ရှာတော့ ၁ ကောင် ထပ်တွေ့တယ်” ကိုအောင်နိုင်ထွန်းက ဆိုသည်။

အဆိုပါခွေးများအား စည်ပင်မှ တောင်းသည်ကို ထုတ်မပေးသဖြင့် ခရိုင်စည်ပင်တာဝန်ရှိသူများ၊ ရပ်ကွက်အုပ် ချုပ်ရေးတာဝန်ရှိသူများ၊ ခရိုင်ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်ရဲတပ်ဖွဲ့ဝင်များ နှင့် လေလွင့်ခွေးကင်းစင်ရေး ပရဟိတ အဖွဲ့တို့ ပူးပေါင်းပြီး အိမ်တွင်း ဝင်ရောက်ရှာဖွေခဲ့ရသည်။

ရန်ကုန်မြို့လယ်ရှိ လသာမြို့နယ်တွင် စည်ပင်သာယာရေး ကော်မတီနှင့် ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများ ပူး ပေါင်းပြီး လမ်းဘေးခွေးလေခွေးလွင့်များ ဖမ်းဆီးရှင်းလင်းရေးကို ဇွန် ၁၃ ရက်က လုပ်ဆောင်ခဲ့ကြစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ လေလွင့်ခွေး ၅ ကောင်အား အိမ်အတွင်း ခေါ်ယူထားသူ  အိမ်ရှင်မိသားစုများအား သက်ဆိုင်ရာ တာဝန်ရှိသူများရှေ့တွင် ခံဝန်ကတိ ရေးထိုးခိုင်းခဲ့ကြောင်း သိရသည်။

တွေ့ရှိသော ခွေး ၅ ကောင်အနက် လူအများအား ၂ ကြိမ် ကိုက်ခဲ့၍ တိုင်ကြားခံထားရသောခွေးများ ပါဝင်ပြီး ယင်းအိမ်ရှင်မှ ရပ်ကွက်ရုံးတွင် ခံဝန်ထိုးထားရဖူးသည်ဟု ယင်းပတ်ဝန်းကျင်နေထိုင်သူများက ဆိုသည်။

လသာမြို့နယ်တစ်ခုတည်းတွင် ပြီးခဲ့သည့် ၃ လအတွင်း ခွေးကိုက်ခံရသူ ၁၇ ယောက်အထိ ရှိနေပြီး လသာမြို့နယ်တွင် လမ်းဘေးခွေးကောင်ရေ ၁၀၀ မှ ၁၅၀ ကြား ရှိနိုင်သည်ဟုလည်း မြို့နယ်စည်ပင်မှ ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly