ကျောက်တန်းကျေးရွာဖြစ်စဉ်မျိုး နောင်မဖြစ်ရန် ဂရုစိုက်သင့်ဟု လူ့အခွင့်အရေးကော်မရှင် အကြံပြု

ကျောက်တန်းကျေးရွာဖြစ်စဉ်မျိုး နောင်မဖြစ်ရန် ဂရုစိုက်သင့်ဟု လူ့အခွင့်အရေးကော်မရှင် အကြံပြု
 ဓာတ်ပုံ - မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရန်ကုန် ၊ ဇွန် ၁၃ ။       ။ လူသေဆုံးမှုများ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် ၊ ရသေ့တောင်မြို့နယ်ရှိ ကျောက်တန်းရွာ ပစ်ခတ်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး နောင်တွင် ယခုကဲ့သို့ဖြစ်စဉ်မျိုး မဖြစ်ပွားစေရန် သက်ဆိုင်သူများက ဂရုစိုက် ဆောင်ရွက်သင့်သည်ဟု မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဇွန်လ ၁၃ ရက်နေ့တွင် သတင်း ထုတ်ပြန်ခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံ ကျေးရွာသူ ကျေးရွာသားများအကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သင့်သည်ဟုလည်း ကော်မရှင်၏ ထုတ်ပြန်ချက်တွင် အကြံပြုရေးသားဖော်ပြထားသည်။

ယင်း အစီရင်ခံစာကို ဇွန်လ ၁၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတအပါအဝင် ပြည်ထဲရေးဝန်ကြီးဌာန ၊ ကာကွယ်ရေး ဝန်ကြီးဌာနသို့ ပေးပို့အစီရင်ခံပြီးနောက် ဇွန်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့တွင် တပ်မတော်မှ ကျောက်တန်းကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ရွာအတွင်းရှိ အိမ်ထောင်စု ၄၇၇ စုအား အိမ်ထောင်စုစာရင်းနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး အသက် ၁၅ နှစ်မှ ၅၀ နှစ် အတွင်းရှိ မသင်္ကာဖွယ်ရာအမျိုးသား ၂၇၅ ဦးအား ကျေးရွာစာသင် ကျောင်းတွင် ထိန်းသိမ်းထားရှိကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ စစ်ဆေးနေစဉ် မေလ ၂ ရက်နေ့ နံနက်အစောပိုင်း၌ ထိန်းသိမ်းထားသည့် နေရာတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ထိန်းသိမ်းခံထားရသူများထဲမှ ၆ ဦးသေဆုံးခဲ့ကာ ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီးနောက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကျောက်တန်း ကျေးရွာသို့ မေလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိတွင် ကွင်းဆင်းစစ်ဆေးခဲ့ခြင်းလည်း ဖြစ်သည်။

ပစ်ခတ်မှုဖြစ်ပွားခဲ့စဉ်က ကျောက်တန်းကျေးရွာ၌ တာဝန်ထမ်းဆောင်ခဲ့သည့် တပ်မတော်တပ်ရင်းမှ တပ်ရင်းမှူးနှင့် အရာရှိ စစ်သည်ရှစ်ဦး အပါအဝင် သေဆုံးသူများ၏ မိသားစုဝင် ၁၁ ဦးတို့ကိုလည်း တွေ့ဆုံကာ ဖြစ်စဉ်အခြေအနေများကို မေးမြန်းခဲ့သည်ဟု မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်က မေလ ၃၁ ရက်နေ့တွင် သတင်းထုတ်ပြန် ထားသည်။

ကော်မရှင်မှ သက်ဆိုင်သူများကို မေးမြန်းရာတွင် “ထွက်ပြေးရန် ကြိုးစားသူများကို ဟန့်တားရန် လုံခြုံရေးတာဝန်ကျ သူများက အပေါ်သို့ထောင်၍ ခြောက်လှန့်ပစ်ခတ်ခဲ့သော်လည်း အချို့က ကင်း အဖွဲ့ရှိရာသို့ ပြေးဝင်လာသဖြင့် ပစ်ခတ်ခံရကြောင်း" ထွက်ဆိုသည်ဟု ရေးသားဖော်ပြ ထားသည်။

ယင်းပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော်ဘက်ကမူ ထိန်းသိမ်းခံထားရသူများမှ လုံခြုံရေး တပ်ဖွဲ့များကို အန္တရာယ်ပြုလာသည့် အနေအထားဖြစ်သောကြောင့် ပစ်ခတ်လူစုခွဲခဲ့ခြင်းဖြစ်သည်ဟု နေပြည်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဖြေဆိုထားသည်။

ယင်းဖြစ်စဉ်အပေါ် လူ့အခွင့်အရေးကော်မရှင်က ကွင်းဆင်းစစ်ဆေးခဲ့ပြီး တပ်မတော်ဘက်ကလည်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ကာ စစ်ဆေးနေခြင်းများလည်း ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly