ပိုလန်နိုင်ငံဆီ အမေရိကန်စစ်သည် ၁,၀၀၀ စေလွှတ်တပ်ဖြန့်ထားမည်ဟု ဒေါ်နယ်ထရမ့် ကြေညာ

ပိုလန်နိုင်ငံဆီ အမေရိကန်စစ်သည် ၁,၀၀၀ စေလွှတ်တပ်ဖြန့်ထားမည်ဟု ဒေါ်နယ်ထရမ့် ကြေညာ

ဇွန် ၁၃ ။            ။ ရုရှားကို တန်ပြန်နိုင်ဖို့ ရည်ရွယ်တဲ့အနေနဲ့ ပိုလန်နိုင်ငံထံသို့ အမေရိကန် စစ်သည်တပ်ဖွဲ့ဝင် ၁,၀၀၀ ကျော် ထပ်မံစေလွှတ်တပ်ချပေးသွားမယ်ဆိုပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန် ၁၂ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ပိုလန်သမ္မတ အန်းဒရက် ဒူဒါ နဲ့အတူ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ထရမ့်က အထက်ပါအတိုင်း ကတိပြုလိုက်တာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ ရုရှားရဲ့ စွမ်းအင် ပေးသွင်းမှုတွေအပေါ် အလွန်အကျွံမှီခိုနေတယ်ဆိုပြီး ဂျာမနီကိုလည်း ထရမ့်က ဝေဖန်ပြစ်တင်သွားခဲ့ပါသေးတယ်။

အဆိုပါ တပ်ဖွဲ့အစုကိုတော့ ဂျာမနီမှာ ရှိနေတဲ့ အမေရိကန်ရဲ့ အင်အား ၅၂,၀၀၀ ရှိ တပ်ဖွဲ့ကနေ ခေါ်ဆောင် စေလွှတ်ပေးဖြစ်တယ်လို့ သမ္မတ ထရမ့်က ပြောပါတယ်။ ဒါ့အပြင် ဒရုန်းတွေနဲ့ အခြား စစ်ဘက်လက်နက်ပစ္စည်းတွေ ပါဝင်မယ်လို့ ဆိုပါတယ်။

ပိုလန်နိုင်ငံမှာတော့ ဒီမတိုင်ခင်က အမေရိကန်စစ်သား ၅,၀၀၀ ခန့်ဟာ နေတိုးတပ်ဖွဲ့နဲ့အတူ  တပ်ချရှိနေနှင့်ပြီးဖြစ်ကာ ယခုအခါ ထရမ့်က နောက်ထပ် တပ်ဖွဲ့ဝင်တွေ ထပ်မံစေလွှတ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ယခုလို အမေရိကန်စစ်သည် ၁,၀၀၀ စေလွှတ်မှုနဲ့ပတ်သက်လို့ ပိုလန် သမ္မတ ဒူဒါက ပြောကြားရာမှာတော့ ယခုကိစ္စအတွက် အမေရိကန်ကို ကျေးဇူးတင်ကြောင်း၊ ပိုလန်မှာ အမေရိကန်စစ်သည်တွေ တိုးလာတဲ့အတွက် ပိုမိုပူးပေါင်းဆောင်ရွက်မှုတွေလည်း လုပ်နိုင်တော့မှာ ဖြစ်ကြောင်း၊ ဒါဟာ ပိုလန်အတွက်သာမက၊ ဥရောပဒေသတစ်ခုလုံးအတွက်ပါ လွန်စွာ အရေးပါသည့် ကိစ္စဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

အလားတူ ပိုလန်ဘက်ကတော့ ယင်းတို့နိုင်ငံမှာ အမေရိကန် အမြဲတမ်းစစ်အခြေစိုက်စခန်းတစ်ခု ထားရှိဖို့ ဆန္ဒရှိနေပေမယ့် အမေရိကန်သမ္မတ ထရမ့်ကတော့ ယင်းအမြဲတမ်းအခြေစိုက်စခန်း ထားရှိဖို့ ကတိပြုသွားခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly