အာဟာရနဲ့ ဆေးဖက်ဝင်အာနိသင်များတဲ့ အာတာလွတ်

အာဟာရနဲ့ ဆေးဖက်ဝင်အာနိသင်များတဲ့ အာတာလွတ်

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


အာတာလွတ်ဥလေးကိုပြုတ်၊ ဆီလေးဆားလေးနဲ့ စားရတာ အရသာဆိမ့်ဆိမ့်လေးရယ်။ မြန်မာ့အစားအစာတွေထဲမှာ နေရာတစ်နေရာယူထားတဲ့ အာတာလွတ်က ဆေးဖက်ဝင်တယ်လို့လည်း လူကြီးတွေပြောဖူးပါတယ်။ အာတာလွတ်မှာပါဝင်တဲ့ အာဟာရဓာတ်တွေနဲ့ ဆေးဖက်ဝင်အာနိသင်တွေကို သိပ္ပံပညာလေ့လာမှုအထောက်အထားတွေလည်း တွေ့ရှိထားပါတယ်။

အာတာလွတ်မှာ ကာဗိုဟိုက်ဒရိတ်၊ဗီတာမင် ဘီတွေ အပြင် ကယ်လ်စီယမ်၊ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဆိုဒီယမ်၊ ဖော့စ်ဖရပ်စ်တို့လိုသတ္တုဓာတ်တွေကြွယ်ဝတယ်။ အမျှင်ဓာတ်နဲ့ ပရိုတင်းဓာတ်တွေလည်း ပါဝင်တော့ အာဟာရအတော်ပြည့်စုံပါတယ်။
ဆေးဖက်ဝင်အကျိုးကျေးဇူးတွေက ဘာတွေလဲ

အစာကြေတယ်

အစာခြေစနစ်မှာ အမျှင်ဓာတ်က အရေးပါဆုံးထဲပါဝင်ပါတယ်။ အမျှင်ဓာတ်က အူလမ်းကြောင်းထဲမှာ အစာတွေရွေ့လျားမှုကောင်းမွန်စေပြီး အာဟာရဓာတ်တွေစုပ်ယူနိုင်အောင်နှိုးဆွပေးပါတယ်။ သူက ဝမ်းချုပ်တာ၊ ဝမ်းလျှောတာတွေကို ပျောက်ကင်းစေပြီး သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးပါတယ်။ အမျှင်ဓာတ်ကြောင့်ပဲ ပိုလျှံနေတဲ့ ကိုလက်စထရောတွေကို ရှင်းလင်းပေးပြီး နှလုံးသွေးကြောကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

နှလုံးကျန်းမာရေးအတွက်ကောင်းတယ်

ပိုတက်စီယမ်ပါဝင်မှုပမာဏများလို့ နှလုံးနဲ့ပတ်သက်တဲ့ရောဂါဝေဒနာတွေရန်က အကာအကွယ်ဖြစ်စေပါတယ်။ ပိုတက်စီယမ်က နှလုံးသွေးလွှတ်ကြောတွေနဲ့ သွေးပြန်ကြောတွေကို ပြေလျော့စေပြီး သွေးဖိအားကိုကျစေတယ်၊ နှလုံးရောဂါနဲ့လေဖြတ်ခြင်း အန္တရာယ်ကို လျော့နည်းစေပါတယ်။

သန္ဓေသားအတွက်ကောင်းတယ်

ဖောလိတ်ဓာတ်ပါဝင်မှုများလို့ ကိုယ်ဝန်ဆောင်တွေစားရင် မွေးလာမယ့်ကလေးမှာ ချို့ယွင်းချက်ပါလာနိုင်ခြေနည်းစေပါတယ်။ ဖောလိတ်ဓာတ်က ဒီအင်န်အေဖြစ်တည်မှုနဲ့ ဆဲလ်ကျန်းမာရေးတွေမှာအရေးကြီးတဲ့ဓာတ်ဖြစ်ပြီး ဖွံ့ဖြိုးမှုကိုလည်း မြှင့်တင်ပေးပါတယ်။

ကြီးထွားဖွံ့ဖြိုးမှုကို အားပေးတယ်

အာတာလွတ်ဥမှာ ပရိုတင်းက ထိုက်သင့်သလောက်ပါရှိပါတယ်။ အသားကရတဲ့ပရိုတင်းတွေထက် အသီးအနှံ၊သစ်ဥသစ်ဖုကရတဲ့ ပရိုတင်းကို ခန္ဓာကိုယ်က စုပ်ယူချက်လုပ်ရတာပိုလွယ်တာမို့ အဆင်ပြေပါတယ်။ ဒါ့ကြောင့် ဒီလိုပရိုတင်းမျိုးစားပေးခြင်းဖြင့် ကျန်းမာတဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကိုရနိုင်မှာပါ။

ကိုယ်အလေးချိန်ကျစေတယ်

အာလူး၊ ပီလောပီနံ တို့လို တခြားဥတွေထက် ကယ်လိုရီနည်းတဲ့ အာတာလွတ်က diet လုပ်တဲ့နေရာမှာပိုသင့်တော်ပါတယ်။ အာဟာရဓာတ်တွေနဲ့ အမျှင်ဓာတ်ပါတဲ့ အာတာလွတ်ကိုတွဲစားရင်ပဲ ဝိတ်ချအစားလျှော့တဲ့အစီအစဉ်မှာ ပိုအကျိုးထူးနိုင်ပါတယ်။ အဆာပြေအနေနဲ့ စားလည်းရတယ်။

ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုကုသပေးတယ်

အာတာလွတ်ရဲ့ဆေးဖက်ဝင်အာနိသင်ကြောင့် ဆီးအိမ်ပိုးဝင်ခြင်းနဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကုသပေးနိူင်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း မကြာခဏဖြစ်တတ်တဲ့အမျိုးသမီးတွေ အာတာလွတ်စားပေးသင့်ပါတယ်။

ကိုယ်ခံအားမြင့်စေတယ်

အာတာလွတ်မှာပါတဲ့ သတ္တုဓာတ်တွေက အားနည်းခြင်း၊ နွမ်းနယ်ခြင်းနဲ့ ဦးနှောက်ဉာဏ်ရည်ဆိုင်ရာပြဿနာတွေကို တွန်းလှန်ရာမှာ အများဆုံးအကျိုးပြုပါတယ်။ ကိုယ်တွင်းအင်္ဂါစနစ်တွေအတွင်း အောက်စီဂျင်ပေးပို့မှုပိုကောင်းစေပြီး ခွန်အားလည်းမြင့်တက်စေပါတယ်။

ဇီဝကမ္မဖြစ်စဉ်ကို ပိုကောင်းစေတယ်

ဗီတာမင်ဘီ ပါဝင်မှုမြင့်မားလို့ အင်ဇိုင်းနဲ့ဇီဝကမ္မဖြစ်စဉ်အတွက် အရေးပါလှပါတယ်။ ဗီတာမင်ဘီအုပ်စုဟာ ဟော်မုန်းတွေကအစ နှလုံးခုန်နှုန်းအထိ ခန္ဓာကိုယ်အနှံ့ လုပ်ဆောင်ချက်ဖြစ်စဉ်တွေကို ထိန််းညှိရာမှာအရမ်းကိုအရေးပါတာဖြစ်ပါတယ်။ ကယ်လ်စီယမ်ကြွယ်ဝတာကြောင့်လည်း ခန္ဓာကိိုယ်ထဲက အယ်ကာလိုင်းအက်စစ်ထိန်းညှိမှုအတွက် အရေးပါပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly