SSPP/SSA နှင့် တပ်မတော် တိုက်ပွဲများဖြစ်ပွား NCA မထိုး၍ ဖိအားပေးသည်ဟုထုတ်ပြန်

SSPP/SSA နှင့် တပ်မတော် တိုက်ပွဲများဖြစ်ပွား NCA မထိုး၍ ဖိအားပေးသည်ဟုထုတ်ပြန်

ရန်ကုန်၊ အောက်တိုဘာ ၈ ။ ။ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA နှင့် တပ်မတော်တို့ နှစ်ဖက် အောက်တိုဘာ ၆ ရက်နှင့် ၇ ရက်တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်မထိုး နိုင်သေးခြင်းအပေါ် စစ်ရေးအရ ဖိအားပေးခြင်းဖြစ်သည်ဟု SSPP/SSA က ထုတ်ပြန်လိုက်သည်။

အောက်တိုဘာ ၆ ရက်နေ့တွင် နောင်ယာဆိုင်းနှင့် နမ့်မွတ်ရှိ တပ်မတော်စစ်ကြောင်းသည် တာဆမ်ပူးအနီး နောင်ခိတ်အရှေ့မြောက်ဘက်ရှိ SSPP/SSA တပ်စခန်းအား မနက်အစောပိုင်း၌ ထိုးစစ်ဆင်တိုက်ခိုက်လာသဖြင့် မွန်းလွဲပိုင်းအထိ တိုက်ပွဲဖြစ်ခဲ့သည်။ ထို့နောက် ခေတ္တရပ်သွားပြီး မွန်းလွဲ ၂ နာရီမှ ညနေ ၆ နာရီကျော်အထိ ထပ်မံဖြစ်ပွားခဲ့သည်ဟု အောက်တိုဘာ ၈ ရက် ထုတ်ပြန်ချက်ကဖော်ပြသည်။

အောက်တိုဘာ ၇ ရက်နေ့တွင်လည်း မနက်အစောပိုင်းမှစ၍ ညနေ ၆ နာရီကျော်အထိ နမ့်မော်ခုမ်နွဲ့တွင်လည်းကောင်း၊ မနက် ၁၁ နာရီကျော်မှ ညနေ ၅ နာရီအထိ နမ့်ပန်ချောင်းအရှေ့ဘက်ရှိ နမ့်မော်နုတ်တူတွင်လည်းကောင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။

ခိုလမ်အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ စစ်ကြောင်းများသည် အောက်တိုဘာ ၅ ရက်နေ့မှစ၍ ရှမ်းပြည်တောင်ပိုင်း မိုင်းရှုးမြို့နယ် မိုင်းခန်သို့လည်းကောင်း၊ ကာလိ၊ မိုင်းစန်မြို့နယ်ခွဲမှ ဝမ်လီသို့ လည်းကောင်း၊ တာကောင်းမူးမှတဆင့် နမ့်ပန်ချောင်းကိုဖြတ်၍ မိုင်းရှုးမြို့နယ် နားပေရွာ၊ နောင်ယာဆိုင်းနှင့် နမ့်မွတ်းတို့တွင် ကြိုတင်နေရာယူထိုးစစ်ဆင်လာခြင်းဖြစ်သည်။

SSPP/SSA သည် ၂၀၁၂ ခု ဇန်နဝါရီလ ၂၈ ရက်နေ့က တောင်ကြီးမြို့၌ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ် လက်မှတ်ရေးထိုးခဲ့ပြီးနောက် တပ်မတော်နှင့် SSPP/SSA တိုက်ပွဲပေါင်း ၃၀၀ ကျော်ဖြစ်ပွားခဲ့သည်ဟုဆိုသည်။

အောက်တိုဘာ ၁၅ ရက်နေ့တွင် NCA လက်မှတ်ရေးထိုးတော့မည့် KNU အဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက ''ငြိမ်းချမ်းရေးတည်ဆောက်နေတဲ့ကာလမှ ဒီလိုတိုက်ပွဲတွေဖြစ်နေတာ မကောင်းဘူး။ တိုက်ပွဲတွေဖြစ်နေလို့ ငြိမ်းချမ်းရေးလက်မှတ်ထိုးကြတာပေါ့။ တိုက်ပွဲတွေ မရှိရင် ဘာမှလုပ်စရာမလိုဘူး။ ငြိမ်းချမ်းရေး လုပ်နေတဲ့အချိန် ဒါမျိုးတွေ မဖြစ်သင့်ဘူး။'' ဟု မဇ္ဈိမသို့ ပြောကြားသည်။

ငြိမ်းချမ်းရေးလက်မှတ်ထိုးရန်ကိုမူ ရှေ့ဆက်သွားမည်ဖြစ်သော်လည်း တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးသည် ၎င်းတို့၏ မျှော်လင့်ချက်နှင့် ဆန္ဒ ဖြစ်သည်ဟု ၎င်းကဆိုသည်။

''ဆန္ဒအကောင်အထည်ဖော်တဲ့နေရာမှာ တစ်ကြိမ်တည်းနဲ့တော့ မရနိုင်ဘူး။ နိုင်ငံတကာမှာလည်း အပစ်အခတ်ရပ်စဲရေး လုပ်တဲ့အခါ တစ်ကြိမ်တည်းမှာ အဖွဲ့အားလုံး မပါပေမယ့် နောက်ပိုင်း တဖြည်းဖြည်းပါလာတာရှိတယ်။'' ဟု ဖဒိုစောကွယ်ထူးဝင်းက ဆက်ပြောသည်။

၂၀၁၅ ခု ရွေးကောက်ပွဲဝင်ပြိုင်မည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကလည်း လက်မှတ်ရေးထိုးရန် အဆင်သင့်မဖြစ်သေးဘဲ ဆက်လက်ဆွေးနွေးနေဆဲ အဖွဲ့များဖြစ်သည့် KIA နှင့် SSPP/ SSA တပ်ဖွဲ့များအား တပ်မတော်အနေဖြင့် 'ထူးခြားသောအကြောင်းမရှိဘဲ' ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းများ အဆက်မပြတ် လုပ်ဆောင်နေသည်ဟု အောက်တိုဘာ ၈ ရက်က ထုတ်ပြန်ထားသည်။

ပြည်တွင်းငြိမ်းချမ်းရေးဆောင်ရွက်ဆဲကာလတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထောက်ရှု၍ ယင်းထိုးစစ်များကို အမြန်ဆုံးရပ်ဆိုင်းပေးပါရန်လည်း တောင်းဆိုကြေညာလိုက်သည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ''တိုက်ပွဲတွေဖြစ်နေတာ မကောင်းဘူး၊ တိုက်ပွဲတွေကို ရပ်စေချင်တယ်။ ပြည်သူလူထုရဲ့ လုံခြုံရေးကို ထိခိုက်တယ်။ ရွေးကောက်ပွဲနီးလာတော့ တိုက်ပွဲတွေ မဖြစ်စေချင်ဘူး။'' ဟု မဇ္ဈိမကို ပြောသည်။

တိုက်ပွဲများဖြစ်နသဖြင့် မဲဆွယ်စည်းရုံးရေးဆင်းရန်မဖြစ်နိုင်ကြောင်း၊ ပြည်သူများလည်း ဒုက္ခရောက်ကြရကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူ) အထွေထွေအတွင်းရေးမှူး ဦးစိုင်းလှကျော်က ပြောသည်။

''တိုက်ပွဲတွေဖြစ်နေတာကြားတယ်။ မိုင်းရှုးဖက်မှာ ပါတီက ဝင်ပြိုင်မယ့်ကိုယ်စားလှယ်လောင်းတွေကို အဆက်အသွယ် မရသေးဘူး။ ဖုန်းတွေဖြတ်ထားလို့ ဖုန်းဆက်လို့ကို မရဘူး။ တိုက်ပွဲဖြစ်တော့ စည်းရုံးရေးဆင်းလို့ မရတော့ဘူးပေါ့။ ဘယ်သူမှ မသွားရဲကြတော့ စည်းရုံးရေးကို ထိခိုက်တယ်။ ပြည်သူလူထုလည်း အိုးပစ်အိမ်ပစ်နဲ့ ဒုက္ခရောက်တာပေါ့။'' ဟု ၎င်းက မဇ္ဈိမကို ပြောကြားသည်။

NCA ကို လက်မှတ်ရေးထိုးရန်နှင့် အထွေထွေရွေးကောက်ပွဲကြီး နီးကပ်လာသည့်အချိန်တွင် မလိုလားအပ်သည့် တိုက်ပွဲများကြောင့် အနောက်အယှက် အဟန့်အတား မဖြစ်စေရန် အလွန်အရေးကြီးသည့် အချိန်ဖြစ်သည်ဟု အောက်တိုဘာ ၈ ရက် SSPP/SSA ၏ ထုတ်ပြန်ချက်တွင်လည်း ဖော်ပြထားသည်။

ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်ရှိသည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး စသည့်နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းသော နိုင်ငံရေး တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းမှတဆင့် ဆက်လက်ကြိုးပမ်းသွားမည်ဟု SSPP/SSA က ထုတ်ပြန်ကြေညာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags