စွမ်းအင်ကဏ္ဍကို နိုင်ငံရေးနှင့်ယှဉ်ပြီး အသုံးချနေကြောင်း အရပ်ဖက်အဖွဲ့အစည်းများဘက်မှဆို

စွမ်းအင်ကဏ္ဍကို နိုင်ငံရေးနှင့်ယှဉ်ပြီး အသုံးချနေကြောင်း အရပ်ဖက်အဖွဲ့အစည်းများဘက်မှဆို
မင်းဘူးမြို့ ရှိနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - တင်ရွှေ /မဇ္ဈိမ

ရန်ကုန်၊ ဇွန် ၁၂ ။             ။ နိုင်ငံတော်က လာမည့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိရေး ဦးတည်ဆောင် ရွက်နေသည်ဟုဆိုသော်လည်း စွမ်းအင်ကဏ္ဍကို နိုင်ငံရေးနှင့်ယှဉ်ကာ အသုံးချနေသည်ဟု ထင်မြင်ကြောင်း စွမ်းအင်ဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းတစ်ခုမှ ပြောဆိုလိုက်သည်။

" ၂၀၃၀ စီမံကိန်းအတွက်က လျှပ်စစ်စွမ်းအင်ကဏ္ဍမှာ စွမ်းအင်ကို နိုင်ငံရေးနဲ့ယှဉ်ပြီးတော့မှ အသုံးချနေတယ် လို့ ကျွန်တော်တို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံ စွမ်းအင်လုံလောက်ဖို့အတွက်ဆိုရင် မြစ်ဆုံလို မျိုးဆည်အကြီးကြီးတွေ၊ မြစ်ဆုံဆိုရင် မဂ္ဂါဝပ် ၆၀၀၀ ထွက်ပါမယ်။ သံလွင်မြစ်ပေါ်မှာဆိုရင် မိုင်တုံတစ်ခုတည်း ကနေ ၇၀၀၀ ထွက်ဖို့အတွက် မှန်းထားတဲ့ဟာတွေရှိပါတယ်။ အဲ့ဒီတော့ အကုန်လုံးပေါင်းလိုက်မယ်ဆိုရင် မဂ္ဂါဝပ် ၆၀၀၀၀ နီးပါးလောက်ထုတ်ဖို့ကို ရည်မှန်းထားတဲ့ ဟာတွေရှိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ လျှပ်စစ် လိုအပ်ချက်က ၆၀၀၀၀ မဟုတ်ပါဘူး။ ကျွန်တော်တို့ အခု ၃၀၀၀ သုံးနေတယ်။ နောက်ထပ် ထောင်ဂဏန်းလေး ထပ်ဖြည့်လိုက်ရုံနဲ့ ဒီတစ်နိုင်ငံလုံးအတိုင်းအတာ ပြန်ပြည့်သွားနိုင်ပါတယ်"ဟု ဦးအေပရယ်ကြူကြူက ပြောသည်။

လက်ရှိတွင် အစိုးရအနေဖြင့် လျှပ်စစ်ဓာတ်အားအတွက် ကျောက်မီးသွေးစက်ရုံ၊ ရေကာတာများမှ လျှပ်စစ် ဓာတ်အား မဂ္ဂါဝပ် ၆၀၀၀၀ နီးပါးအထိ ထုတ်လုပ်နိုင်ရန် ရည်မှန်းချက်ထားနေသည့်အပေါ် ပြည်တွင်း လိုအပ်ချက်ထက် များစွာကျော်လွန်နေကြောင်းလည်း SaNaR (Save the Natural Resource)မှ ဒါရိုက်တာ ဦးအေပရယ်ကြူကြူက ထောက်ပြ ပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။

ဇွန် ၁၁ ရက်နေ့မှ ၁၂ ရက်အထိ ရန်ကုန်မြို့၊ ဂရင်းဟေးလ်ဟိုတယ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး မှ ဒေသခံများနှင့် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ် စုစုပေါင်း ၁၅၄ ဦးတို့ တက်ရောက် ဆွေးနွေးခဲ့သည့် ၂ ရက်တာ စွမ်းအင်ဆိုင်ရာဆွေးနွေးပွဲတွင်  ပြောခဲ့ခြင်း ဖြစ်သည်။

" အခု အဓိကအားဖြင့် စွမ်းအင်ကို နိုင်ငံရေးအရ ကျွန်တော်တို့ အခု မိုင်းတုံမှာဆိုရင် ၇၀၀၀ ထုတ်မယ်။ ဒါပေမယ့် ၁၀ ရာခိုင်နှုန်းပဲ ရမယ်။ ကျန်တဲ့ ၉၀ ရာခိုင်နှုန်းက တရုတ်နဲ့ ထိုင်းကို ရောင်းစားမယ်။ အခုမြစ်ဆုံပါ ထုတ်ရင် တရုတ်ကို ပြန်ရောင်းစားမယ်ပေါ့နော်။ အဲ့ဒီတော့ မြန်မာနိုင်ငံမှာ ကြည့်လိုက်ရင် ထုတ်သမျှ လျှပ်စစ်တွေ၊ ရေအားလျှပ်စစ်ကနေ ထုတ်လိုက်တဲ့ဟာ အကုန်လုံးက သူများနိုင်ငံကို ၉၀ ရာခိုင်နှုန်းလောက် ပြန်ရောင်းမယ် ဆိုတဲ့ဟာမျိုးဖြစ်နေတယ်"ဟု ဦးအေပရယ်ကြူကြူက ဆက်ပြောသည်။

၂ ရက်တာဆွေးနွေးခဲ့သည့် စွမ်းအင်ဆိုင်ရာဆွေးနွေးပွဲရလဒ်အရ ကျောက်မီးသွေး၊ အကြီးစား ရေအား လျှပ်စစ်များနှင့် သဘာဝဓာတ်ငွေ့တို့ကို ဦးစားပေးစွမ်းအဖြစ် ထုတ်လုပ်နေမည့်အစား သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းသည့်  ပြန်ပြည့်မြဲ စွမ်းအင်( ဆိုလာစနစ်၊ လေစနစ်၊ အမှိုက်များမှ စွမ်းအင်ထုတ်လုပ်မှုစနစ်) တို့ကို အထူးဦးစားပေး အကောင်အထည်ဖော်လုပ်ဆောင်ရန် အစိုးရကို တိုက်တွန်းသွားမည်ဟု သိရသည်။

" ၂၀၃၀ မှာ လျှပ်စစ်စွမ်းအင် ပြည့်နိုင်ဖို့အတွက်ဆိုရင် ဆည်အကြီးကြီးတွေ၊ ကျောက်မီးသွေးတွေနဲ့ မလုပ် ဆောင်ဘဲနဲ့ လက်ရှိ ရှိနေပြီးသားဟာတွေအပေါ် အဆင့်ပြန်မြင့်တင်တာတွေ၊ ပြီးတော့ ပြန်ပြည့်မြဲ စွမ်းအင်တွေ ကို သေချာပြန်အဓိပ္ပာယ်ဖွင့်၊ သေချာသတ်မှတ်ပြီးတော့မှ ပုဂ္ဂလိကတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ သေချာ ပြန်ပူးပေါင်းပြီး လုပ်ဆောင်မယ်ဆိုရင် ၂၀၃၀ မှာ လျှပ်စစ်စွမ်းအင်က ရေကာတာအကြီးကြီးတွေ၊ ကျောက်မီး သွေးတွေ သုံးစရာမလိုဘဲ ပြန်ပြည့်ဖြိုးနိုင်ပါတယ်"ဟု SaNaR (Save the Natural Resource)မှ ဒါရိုက်တာ ဦးအေပရယ်ကြူကြူက ပြောသည်။

နိုင်ငံတော်အနေဖြင့် လိုအပ်ချက်ရှိနေသည့် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် လက်ရှိတွင် ကျောက်မီးသွေး စက်ရုံ၊ လျှပ်စစ်ရေကာတာ စသဖြင့် ကြီးကြီးမားမား စီမံကိန်းများကို အကောင်အထည်ဖော်လုပ်ဆောင်မှုများ ရှိနေပြီး ယင်းစီမံကိန်းများကို ကန့်ကွက်သည့် ဒေသခံများနှင့် အရပ်ဖက်အဖွဲ့အစည်းများကို သက်ဆိုင်ရာ အာဏာပိုင်များက တင်းတင်းကျပ်ကျပ် အရေးယူဆောင်ရွက်မှုများရှိနေကြောင်းသိရသည်။

သို့ရာတွင် ပြန်ပြည့်ဖြိုးမြဲစွမ်းအင်အနေဖြင့် အရှေ့တောင်အာရှ၏အကြီးဆုံးဖြစ်သည့် လျှပ်စစ် မဂ္ဂါဝပ် ၁၇၀ ထုတ်နိုင်မည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းတစ်ခုကို အစိုးရမှ မင်းဘူးမြို့တွင် တည်ဆောက်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required