ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း စေတနာဆေးကုခန်း ဆက်လက်ရပ်တည်ရန်ခက်ခဲနေ

ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း စေတနာဆေးကုခန်း ဆက်လက်ရပ်တည်ရန်ခက်ခဲနေ
ဓာတ်ပုံ - ဖူးအိအိနွယ်

ရန်ကုန်၊ ဇွန် ၁၂ ။              ။ ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းမှ ဖွင့်လှစ်ထားသည့် စေတနာဆေးကုခန်းမှာ ဆက်လက် ရပ်တည်ရန် ရန်ပုံငွေအခက်အခဲဖြစ်ပေါ်နေကြောင်း ဖောင်ဒေးရှင်းအဖွဲ့ဝင်များကပြောသည်။

အဆိုပါဆေးခန်းသည် သတင်းစာဆရာကြီး ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဟံသာဝတီဦးဝင်းတင် ကိုယ်တိုင် ဖွင့်လှစ်ခဲ့သည့်ဆေးခန်းဖြစ်ပြီး နိုင်/ကျဉ်း မိသားစုဝင်များအပြင် ကျန်းမာရေး စောင့်ရှောက် မှုလိုအပ်နေသူများအတွက် အခမဲ့ကုသပေးနေသည့်ဆေးခန်းလည်းဖြစ်သည်။

“ အခုလိုအခြေအနေမျိုးမှာ ဆေးခန်းကလည်း နည်းနည်းအားနည်းလာတယ်။ ဆေး (၇) မျိုးပေးမယ် ဆိုရင် တကယ့်တကယ်က နှစ်မျိုးပဲပေးနိုင်တယ်။ အဲ့အတွက်ကြောင့် မို့လို့ ဒီဆေးခန်းရှင်သန်ဖို့ အတွက်လည်း ကျားကုတ်ကျားခဲပေါ့။ ခဲရာခဲဆစ်ပေါ့။ ကျပ်ကျပ်တည်းတည်းဆောင်ရွက်နေတယ်။ ဆေးခန်းမပိတ်ရရေးပေါ့” ဟု ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းမှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးထွန်းကြည် ကပြောသည်။

ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း  (၃၇) ကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ပွဲနှင့် အလှူရှင်များ အား ဂုဏ်ပြုပွဲတွင် မဇ္စျိမ၏မေးမြန်းမှုကို ဖြေဆို ခဲ့ခြင်းဖြစ်သည်။

အဆိုပါဆေးခန်းသည်  ပရဟိတဆရာဝန် (၆) ဦးနှင့် အခြားဝန်ထမ်း (၆) တို့ဖြင့်လည်ပတ် နေခြင်းဖြစ်ပြီး တစ်လလျှင် လူနာ ၄၀၀ ခန့်လာရောက်ကုသနေသည့် ဆေးခန်းလည်းဖြစ်သည်။

ဆေးခန်းပုံမှန်လည်ပတ်ရန်လိုငွေမှာ ငွေကျပ် ၁၅ သိန်းခန့်ဖြစ်သော်လည်း ရံပုံငွေအခက်အခဲကြောင့် လက်ရှိတွင် ငွေကျပ် ၇ သိန်း၊ ၁၀ သိန်းခန့်ဖြင့် ရအောင်လည်ပတ်နေရသည်ဟုလည်း ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးထွန်းကြည် က ပြောသည်။

“ ဆေးခန်းဆက်လက်ရှင်သန်ရေးအတွက်ကို အလှူငွေကတော်တော်လေးကို လိုအပ်လျက်ရှိတဲ့ အတွက်ကြောင့် အမြန်ဆုံးပေ့ါ။ အလှူရှင်အနေနဲ့ ကလည်း ဆက်လက်ပြီးတော့ အလှူငွေ ထည့်ကြ ဖို့ပေါ့။ ဒါကြောင့်လည်း အကိုတို့ကမီဒီယာကနေတစ်ဆင့် တိုက်တွန်းတောင်းဆိုနေတာပါ” ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် ပုံမှန်ကူညီနေသည့် ဆေးဝါးများထောက်ပံ့ခြင်းနှင့် ဆေးရုံတက်ရသည့်ပုဂ္ဂိုလ်များကို ထောက်ပံ့ကြေးပေးခြင်းမျိုးကို ရပ်ဆိုင်းထားရကြောင်းလည်းသိရသည်။

ထို့အပြင် ဖောင်ဒေးရှင်းက ယခုပြုလုပ်ခဲ့သည့် ထောက်ပံ့ငွေပေးအပ်ပွဲတွင် စားဝတ်နေရေး ခက်ခဲနေသည့် နိုင်ငံရေးအကျဉ်းသား ၉ ဦးအတွက် ငွေကျပ် ၁၉ သိန်းထောက်ပံ့ပေးခဲ့သေးသည်။

ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း၏ စေတနာဆေးကုခန်းကို အမှတ် (၁၁၉)၊ လမ်း (၅၀)၊ ပုဇွန်တောင်မြို့တွင် ဖွင့်လှစ်ထားခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly