မုံရွာ စီးပွားရေးတက္ကသိုလ် နှစ်ထပ်ဆောင်ပေါ်မှ လက်ထောက်ကထိက တစ်ဦး ပြုတ်ကျသေဆုံး

မုံရွာ စီးပွားရေးတက္ကသိုလ် နှစ်ထပ်ဆောင်ပေါ်မှ လက်ထောက်ကထိက တစ်ဦး ပြုတ်ကျသေဆုံး

မုံရွာ၊ ဇွန် ၁၂ ။           ။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ စီးပွားရေးတက္ကသိုလ်၊ ဗန္ဓုလအမျိုးသားနှစ်ထပ်ဆောင်တွင် လက်ထောက်ကထိက တစ်ဦး ဝရံတာ၌ ထွက်အိပ်စဉ် အောက်သို့ပြုတ်ကျ သေဆုံးခဲ့ကြောင်း မုံရွာနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇွန်လ ၁၂ ရက် သန်းခေါင်ယံ ၁ နာရီခွဲအချိန်ခန့်တွင် သေဆုံးသူမှာ ဝရန်တာမှ အောက်သို့ပြုတ်ကျပြီး အဆောက်အဦအောက်ရှိ ရေမြောင်းပေါ်သို့ ပြုတ်ကျသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင်သက်သေ များက ဆိုသည်။

" ညကျ ကျွန်တော်တို့လဲ ဝရန်တာမှာထွက်အိပ်နေရင်း အခန်းထဲပြန်ဝင်အိပ်မယ်လုပ်တော့ ဆရာက ဝရန်တာမှာ ထွက်အိပ်နေလို့ အထဲကို ဝင်အိပ်ဖို့ အော်ပြောခဲ့သေးတယ်။ ကျွန်တော်တို့ အခန်းထဲ ဝင်ပြီး ခဏနေတော့ ဘုန်းကနဲ အသံကြားလို့ထွက်ကြည့်တော့ အဆောင်အောက်က ရေမြောင်းမှာ ဆရာပြုတ်ကျနေတာကို တွေ့ရတယ်" ဟု တစ်ဆောင်ထဲနေ နောက်ဆုံးနှစ် ကျောင်းသားတစ်ဦးမှ ပြောသည်။

သေဆုံးခဲ့သည် လက်ထောက်ကထိကမှာ အသက် ၃၀ နှစ်အရွယ်ရှိပြီး မုံရွာမြို့၊ စီးပွားရေးတက္ကသိုလ် ဗန္ဓုလအမျိုးသားအဆောင် နန္ဒာဝန်ရပ်ကွက်၌ နေသူတစ်ဦး ဖြစ်ကြောင်း သိရသည်။

အဆိုပါ သေဆုံးခဲ့သည့် ရုပ်အလောင်းကို မုံရွာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် စစ်ဆေးဆောင်ရွက်ရန်အတွက် မုံရွာနယ်မြေရဲစခန်းတွင် သေမှုသေခင်း ဖွင့်၍ စစ်ဆေးနေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly