မြိတ်၊ ဇွန် (၁၂) ။ ။ သူရဦးရွှေမန်း ဦးဆောင်သော ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) အနေဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းအတွင်းရှိ ခရိုင် ၃ ခုမှ မြို့နယ် ၁၀ မြို့နယ်လုံးတွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဟု သူရ ဦးရွှေမန်းက ပြောဆိုခဲ့သည်။
ဇွန်လ ၁၂ ရက်နေ့တွင် မြိတ်မြို့၌ ပါတီရုံးခန်းလာရောက် ဖွင့်လှစ်စဉ် ပါတီခေါင်းဆောင် သူရ ဦးရွှေမန်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။
- သူရဦးရွှေမန်းကို ရွေးကောက်ပွဲကော်မရှင်မှ ပါတီတည်ထောင်ရန် ခွင့်ပြု
- ပိုင်ဆိုင်မှုများအား အချိန်မရွေးစစ်ဆေးခံနိုင်သည်ဟု သူရဦးရွှေမန်းပြောဆို
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) သည်၊ တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်ခရိုင်၊ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့တွင် ပါတီရုံးခန်းများ လာရောက် ဖွင့်လှစ်နေခြင်း ဖြစ်ပြီး၊ ဇွန်လ ၁၂ ရက်နေ့တွင် မြိတ်မြို့၊ ထားဝယ်စုရပ်ကွက် ကုန်သည်လမ်းရှိ အမှတ် (၄၂) နေအိမ်တွင် ပါတီရုံးခန်းကို လာရောက် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။
“၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ ဘယ်နေရာတွေမှာ ဝင်ရောက် ယှဉ်ပြိုင်မလဲ ဆိုတော့ ဒီတိုင်းမှာ ၁၀ မြို့နယ် ရှိတယ်၊ အဲ့ဒီ ၁၀ မြို့နယ်လုံးမှာ အားလုံးကို ဝင်ပြိုင်မှာ ဖြစ်တယ်”ဟု သူရဦးရွှေမန်းက ပြောသည်။
အဆိုပါ ပါတီ၏ မူဝါဒမှာ ဒေသအကျိုး၊ အများကျိုးနှင့် နိုင်ငံအကျိုးအထိ ဖြစ်ထွန်းစေမည့် ကိစ္စရပ် များကို ဖော်ဆောင်ပေးမည်ဖြစ်ကြောင်း ပါတီရုံးခန်းဖွင့်ပွဲတွင် ပါတီဝင််များကို သူရ ဦးရွှေမန်းက ထပ်လောင်း ပြောဆိုခဲ့သည်။
လက်ရှိတွင် ပါတီရုံးခန်းများကို ထားဝယ်နှင့် မြိတ်မြို့တို့၌ ဖွင့်လှစ်ထားပြီး၊ မကြာမီ ကော့သောင်း မြို့နယ်တွင် ဆက်လက်ဖွင့်လှစ်သွားမည်ဟု သိရသည်။