ရော်နယ်လ်ဒိုကို ကျော်ဖြတ်ပြီး ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အားကစားသမားအဖြစ် ပထမဆုံးအကြိမ် ထိပ်ဆုံးက ရပ်တည်ခဲ့တဲ့ မက်ဆီ

ရော်နယ်လ်ဒိုကို ကျော်ဖြတ်ပြီး ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အားကစားသမားအဖြစ် ပထမဆုံးအကြိမ် ထိပ်ဆုံးက ရပ်တည်ခဲ့တဲ့ မက်ဆီ
Photos: EPA

ဘာစီလိုနာနဲ့ အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီဟာ ဝင်ငွေ ဒေါ်လာ ၁၂၇ သန်း (ပေါင် ၉၉.၈ သန်း)နဲ့ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အားကစားသမားအဖြစ် ပထမဆုံးအကြိမ် ထိပ်ဆုံးကနေ ရပ်တည်ခဲ့တယ်လို့ အင်္ဂါနေ့မှာ ထုတ်ပြန်တဲ့ Forbes ရဲ့ ဝင်ငွေအကောင်းဆုံး အားကစားသမားထိပ်ဆုံး (၁၀၀)ဦးစာရင်းအရ သိရသည်။

ဂျူဗင်တပ်စ်ရဲ့ ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုက ဒေါ်လာ ၁၀၉ သန်း (ပေါင် ၈၅.၆ သန်း)နဲ့ ဒုတိယနေရာမှာ ရပ်တည်ပြီး ပီအက်စ်ဂျီရဲ့ တိုက်စစ်မှူး ဘရာဇီးလ်တိုက်စစ်မှူးက ဒေါ်လာ ၁၀၅ သန်း (ပေါင် ၈၂.၅ သန်း)နဲ့ တတိယနေရာကနေ လိုက်နေပါတယ်။

ယမန်နှစ်ရဲ့ ဝင်ငွေအကောင်းဆုံး လက်ဝှေ့အကျော်အမော် မေဝဲလ်သာက ယခုထုတ်ပြန်တဲ့ စာရင်းမှာ ရပ်တည်မှုအဆင့် ကျဆင်းသွားခဲ့ပါတယ်။

ဆရီနာဝီလျံကတော့ ဝင်ငွေ ဒေါ်လာ ၂၉.၂ သန်း (ပေါင် ၂၂.၉ သန်း)နဲ့ ထိပ်ဆုံး (၁၀၀)ဦးစာရင်းမှာ ပါဝင်တဲ့ တစ်ဦးတည်းသော အမျိုးသမီးအားကစားသမားဖြစ်ပါတယ်။

ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံ (၅)ကြိမ်သိမ်းပိုက်ထားတဲ့ ဟာမီလ်တန်နဲ့ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်း အန်သိုနီ ဂျိုရှုအာတို့က ဒေါ်လာ ၅၅ သန်း (ပေါင် ၄၃.၂ သန်း)နဲ့ အဆင့် (၁၃) မှာ အသီးသီးရပ်တည်နေပြီး သူတို့ဟာ ဝင်ငွေအမြင့်မားဆုံး ဗြိတိန်အားကစားသမားများလည်းဖြစ်ပါတယ်။

အမေရိကန် စီးပွားရေးမဂ္ဂဇင်းဟာ ၂၀၁၈ ခုနှစ် ဇွန်လနဲ့ ၂၀၁၉ ခုနှစ်၊ ဇွန်လကာလကြားက ကစားသမားတွေရဲ့ ဆုကြေးငွေ၊ လစာငွေနဲ့ ကြော်ငြာစပွန်ဆာ စာချုပ်ဝင်ငွေတွေအားလုံးကို တွက်ချက်ခဲ့တာဖြစ်ပြီး မက်ဆီက ထိပ်ဆုံးကနေ ပြတ်ပြတ်သားသား ဦးဆောင်ခဲ့တာဖြစ်ပါတယ်။

ထိပ်ဆုံး (၁၀၀)ဦးစာရင်းမှာ နိုင်ငံ (၂၅)နိုင်ငံမှ အားကစားသမားများ ပါဝင်ပြီး သူတို့အားလုံးရဲ့ ဝင်ငွေစုစုပေါင်းဟာ ဒေါ်လာ ၄ ဘီလီယံ (ပေါင် ၃.၁ ဘီလီယံ)အထိရှိပြီး ယမန်နှစ်ကထက် (၅)ရာခိုင်နှုန်း မြင့်တက်လာပါတယ်။

ယခုနှစ်ရဲ့ စာရင်းအရ ဝင်ငွေအကောင်းဆုံးအားကစားတွေဟာ အနည်းဆုံး ဒေါ်လာ ၂၅ သန်း (ပေါင် ၁၉.၆ သန်း) ဝင်ငွေရှိကြပါတယ်။

မက်ဆီဟာ ဝင်ငွေအကောင်းဆုံးအားကစားအဖြစ် ရော်နယ်လ်ဒိုပြီးနောက် ထိပ်ဆုံးမှာ ရပ်တည်တဲ့ တစ်ဦးတည်းသော ဒုတိယမြောက် ဘောလုံးကစားသမားဖြစ်ပါတယ်။

၁၉၉၀ ခုနှစ်ကစလို့ ထိပ်ဆုံးနံပါတ် (၁)နေရာကို သိမ်းပိုက်နိုင်တဲ့ မတူညီတဲ့ အားကစားသမား (၈)ဦးသာ ရှိပါတယ်။

မက်ဆီ၊ ရော်နယ်လ်ဒိုနဲ့ နေမာတို့က ထိပ်ဆုံး (၃)ဦးစာရင်းမှာ ဘောလုံးကစားသမားတွေအဖြစ် ပထမဆုံးအကြိမ်အဖြစ် ရပ်တည်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

မက်ဆီဟာ ယခုစာရင်းမှာ အမေရိကန်မဟုတ်တဲ့ (၃၈)ဦးထဲက တစ်ဦးဖြစ်ပြီး ထိပ်ဆုံး (၁၀၀)ဦးစာရင်းမှာ အမေရိကန်ကြယ်ပွင့် (၆၂)ဦးထိ ပါဝင်ပါတယ်။

NBA ဘတ်စကတ်ဘောအားကစားမှ ကစားသမား (၃၅)ဦးနဲ့ အများဆုံးပါဝင်တာဖြစ်ပြီး LA Lakers အသင်းရဲ့လီဘရွန်းဂျိမ်းက ဝင်ငွေ ဒေါ်လာ ၈၉ သန်းနဲ့ အဆင့် (၈)၊ Golden State Warriors မှ စတီဖင်ကာရီ (ဒေါ်လာ ၇၉.၈ သန်း) အဆင့် (၉)နဲ့ ကီဗင် ဒူရန့် (ဒေါ်လာ ၆၅.၄ သန်း)  အဆင့် (၁၀)မှာ အသီးသီး ရပ်တည်ကြပါတယ်။

မန်ချက်စတယူနိုက်တက်ရဲ့ ပေါလ်ပေါ့ဂ်ဘာကတော့ ဒေါ်လာ ၃၃ သန်း (ပေါင် ၂၅.၉ သန်း) နဲ့ အဆင့် (၄၄)နေရာမှာ ဝင်ငွေအမြင့်မားဆုံး ပရီးမီးယားလိဂ်ကစားသမားအဖြစ် ရပ်တည်တယ်လို့ သိရပါတယ်။

ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ထိပ်ဆုံးအားကစားသမား (၁၀)ဦး

၁။ လီယွန်နယ် မက်ဆီ - ဒေါ်လာ ၁၂၇ သန်း (ပေါင် ၉၉.၈ သန်း)
၂။ ခရစ္စတီယာနို ရော်နယ်လ်ဒို - ဒေါ်လာ ၁၀၉ သန်း (ပေါင် ၈၅.၆ သန်း)
၃။ နေမာ - ဒေါ်လာ ၁၀၅ သန်း (ပေါင် ၈၂.၅ သန်း)
၄။ ကန်နယ်လို အယ်လ်ဗာရက်ဇ် - ဒေါ်လာ ၉၄ သန်း (၇၃.၈ သန်း)
၅။ ရော်ဂျာ ဖက်ဒရာ - ဒေါ်လာ ၉၃.၄ သန်း (ပေါင် ၇၃.၃ သန်း)
၆။ ရပ်စဲ ဝီလ်ဆင် ဒေါ်လာ ၈၉.၅ သန်း (ပေါင် ၇၀.၃ သန်း)
၇။ အာရွန် ရော်ဂျာ - ဒေါ်လာ ၈၉.၃ သန်း (ပေါင် ၇၀.၁ သန်း)
၈။ လီဘရွန်းဂျိမ်းစ် - ဒေါ်လာ ၈၉ သန်း (ပေါင် ၆၉.၉ သန်း)
၉။ စတီဖင် ကာရီ - ဒေါ်လာ ၇၉.၈ သန်း (ပေါင် ၆၂.၇ သန်း)
၁၀။ ကီဗင်ဒူရန့် - ဒေါ်လာ ၆၅.၄ သန်း (ပေါင် ၅၁.၃ သန်း)

၁၉၉၉ ခုနှစ်နောက်ပိုင်း ဝင်ငွေအကောင်းဆုံးရပ်တည်ခဲ့တဲ့ အားကစားသမားများ (၄)ဦး

တိုက်ဂါးဝုဒ် (၂၀၁၀၊ ၂၀၁၁၊ ၂၀၁၃)
မေဝဲလ်သာ (၂၀၁၂၊ ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၈)
ရော်နယ်လ်ဒို (၂၀၁၆၊ ၂၀၁၇)
မက်ဆီ (၂၀၁၉)

(BBC)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly