တိုးတက်လာသော စွမ်းရည်များကို အမြန်ဆုံး ပြသချင်သည့် တီရဲလ်ထန်

တိုးတက်လာသော စွမ်းရည်များကို အမြန်ဆုံး ပြသချင်သည့် တီရဲလ်ထန်

မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမားအဖြစ် ထပ်မံထွက်ပေါ်လာခဲ့သည့် ချင်းတိုင်းရင်းသားတီရဲလ်ထန်သည် ၎င်း၏ ပွဲဦးထွက်ပြိဳင်ပွဲဖြစ်သည့်ONE:Reign of Valor ပြိုင်ပွဲကြီးအပြီးတွင် အမေရိကားရှိHardKnock 365 တွင် နောက်ပွဲစဉ်အတွက် လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။

တီရဲလ်ထန်သည်ONE Championship နှင့်အတူ ပရော်ဖက်ရှင်နယ် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲကို စတင်တာထွက်ခဲ့ပြီး အဖွင့်ပွဲတွင် ကမ္ဘောဒီးယားကစားသမား Rin Saroth ကို အနိုင်ရရှိထားသည်။

လက်ရှိအချိန်တွင်HardKnock 365 ၌ ONE Championship ၏ ဝိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန်၊ONEဖယ်သာဝိတ်တန်း ချန်ပီယံ Martin Nguyen တို့နှင့်အတူလေ့ကျင့်လျက်ရှိသည်။

“ကိုအောင်လ၊Martin တို့လို  ကစားသမားတွေနဲ့အတူပူးတွဲလေ့ကျင့်ခွင့်ရတာ ဟာအရမ်းကိုဂုဏ်ယူဖို့ကောင်းပါတယ်။ သူတို့နှစ်ယောက်စလုံးဟာကြိုးဝိုင်းထဲမှာ ရောအပြင်မှာပါတကယ်ကို ကြီးကျယ်ခမ်းနားတဲ့ ချန်ပီယံတွေပါပဲ။  သူတို့ နှစ်ယောက်ဟာ ကျွန်တော်ကို ကောင်းမွန်တဲ့ ကိုယ်ခံပညာ သိုင်းပေါင်းစုံသမားတစ်ယောက်ဖြစ်လာအောင် အမြဲတမ်း စိတ်ဓါတ်ခွန်အားတွေပေးပါတယ်။” ဟု တီရဲလ်ထန်က ပြောကြားခဲ့သည်။

တီရဲလ်ထန်သည်ONE: Reign of Valor ပြိုင်ပွဲပြီးဆုံးပြီးနောက် HardKnock 365 တွင် လေ့ကျင်မှုများ ပြန်လည်ပြုလုပ်နေသည်မှာ ၂လခွဲခန့်ရှိပြီဖြစ်သည်။ လက်ရှိအချိန်တွင် ၎င်းအနေဖြင့် ယခင်ကထက် ကိုယ်ခံပညာ စွမ်းရည်များ ပိုမိုတိုးတက်လာပြီ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

“ကျွန်တော်အနေနဲ့အားလုံးကို အာရုံစူးစိုက်ပြီးလေ့ကျင့်နေပါတယ်။အချုပ်အသိုင်းကစားပုံစံရော၊မတ်တပ်ရပ်တိုက်ခိုက်တဲ့ပုံစံရောပေါ။အဓိကအာရုံစိုက်ထားတာကတော့တစ်နေ့ထက်တစ်နေ့ပိုပြီးတိုးတက်ကောင်းမွန်လာဖို့နဲ့ တိုက်ခိုက်ရေးနည်းနာနိဿယတွေတိုးတက်လာဖို့ပါ။လက်ရှိအခြေအနေကပြီးခဲ့တဲ့ပွဲကထက်အများကြီးတိုးတက်လာပါပြီ။ကျွန်တော်ရဲ့တိုးတက်လာတဲ့ကိုယ်ခံပညာစွမ်းရည်တွေကိုကမ္ဘာ့ပရိသတ်တွေကိုအမြန်ဆုံးချပြချင်ပါပြီ” ဟု တီရဲလ်ထန်က ပြောကြားခဲ့သည်။

တီရဲလ်ထန်သည်ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားကိုရူးသွပ်စွာခုံမင်ခဲ့သူတစ်ဦးဖြစ်ပြီး လစာကောင်းသည့်အလုပ်ကိုစွန့်လွှတ်ကာမြန်မာစပါးအုံးအောင်လအန်ဆန် ထံမှအကူအညီရယူ၍ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား လောကကို ခြေစုံပစ်ဝင်ခဲ့သူဖြစ်သည်။ ONE: Reign of Valor ပြိုင်ပွဲတွင်ကမ္ဘောဒီးယား ကစားသမား Rin Saroth ကို ဒိုင်ဆုံးဖြတ်ချက်ဖြင့် အနိုင်ရရှိခဲ့သည်။

တီရဲလ်ထန်အနေဖြင့် HardKnock365တွင် နေရာစုံမှချန်ပီယံများနှင့်ထူးချွန်သည့် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမားများနှင့် အတူလေ့ကျင့်ခန်းများကို  ပြင်းပြင်းထန်ထန်ပြုလုပ်လျက်ရှိသည်။ ပြီးခဲ့သည့် မေလ ၆ရက် နေ့ တွင် လေ့ကျင့်ခန်းပြီးနောက် ၎င်းဝိတ်ဆင်ထားသည့် အင်္ကျီ ရှိ ချွေးများအား ညှစ်ပြခဲ့ပြီးတိုက်ခိုက်မှု စွမ်းရည်တိုးတက်လာစေရန် မည်မျှ ကြိုးစား အားထုတ်ထားသည့်ကို ၎င်း၏ လူမှုကွန်ရက်တွင် လွှင့်တင်ပြသခဲ့သည်။

“ကျွန်တော်နောက်ပွဲကစားဖို့လည်း အဆင်သင့်ဖြစ်နေပါပြီ။ ဘယ်နေရာမှာပဲ ယှဉ်ပြိုင်ရယှဉ်ပြိုင်ရ ဘယ်အချိန်မှာပဲဖြစ်ဖြစ် ကျွန်တော် အဆင်သင့်ပါပဲ” ဟု တီရဲလ်ထန်ကဆိုသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly