ထိန်ထိန်ညီးတဲ့ လျှပ်စစ်မီးရောင်အောက် အလင်းညစ်ညမ်းမှု ပြဿနာ ကြုံနေတဲ့ စင်ကာပူ

ထိန်ထိန်ညီးတဲ့ လျှပ်စစ်မီးရောင်အောက် အလင်းညစ်ညမ်းမှု ပြဿနာ ကြုံနေတဲ့ စင်ကာပူ

စင်ကာပူ၊ ဇွန် ၁၁ ။          ။ စင်ကာပူက ညကောင်းကင်ကို မော့ကြည့်လိုက်ရင် လင်းလက်လို့နေမယ့် ကြယ်တွေကို သိပ်ပြီး များများစားစား တွေ့နိုင်လိမ့်မှာ မဟုတ်ပါ။

မအိပ်စက်တဲ့ မြို့လို့ တင်စားခေါ်ကြတဲ့ ခေတ်သစ် စင်ကာပူမြို့ဟာ ညသဘာဝ ပျောက်ဆုံးသွားခဲ့ပါပြီ။

တစ်ရက် ၂၄ နာရီ၊ တစ်ပတ် ခုနစ်ရက်လုံးလုံး လျှပ်စစ်မီး မပြတ် စီးဆင်းရင်း လူလုပ်အလင်းဓာတ်တွေ လောင်ကျွမ်းရင်း ညအမှောင် ပျောက်ကွယ်လို့ အလင်းညစ်ညမ်းမှုကို ကြုံနေရပါတယ်။

အတိတ် နှစ် ၅၀ အတွင်းမှာ စင်ကာပူရဲ့ တိုးတက်မှုဟာ အလှမ်းကျယ်လွန်းပါတယ်။ ပြိုင်ဖက်ကင်းတဲ့ ကုန်သွယ်ရေး အချက်အချာအဖြစ် သေးငယ်တဲ့ ကျွန်းနိုင်ငံငယ်ဟာ အာရှရဲ့ အဓိက စီးပွားရေးမဏ္ဍိုင်တစ်ရပ် ဖြစ်လာခဲ့ပါတယ်။

ဘယ်တော့မှ မအိပ်စက်တဲ့ စင်ကာပူကို လေယာဉ်ပြတင်းပေါက်ကနေ ကြည့်လိုက်မယ်ဆို အလင်းပင်လယ်ပြင်သဖွယ် မြင်တွေ့ရမှာပါ။

ရုံးအဆောက်အအုံ၊ တိုက်တာတွေဟာ တစ်ညလုံး အလင်းမပြတ် လျှပ်စစ်မီးတွေ ထိန်ထိန်ညီးနေသလို လမ်းသွားလမ်းလာတွေ လုံခြုံဘေးကင်းရေးအတွက် အများပြည်သူပိုင် နေရာတွေနဲ့ လျှောက်လမ်းတွေမှာ လျှပ်စစ်မီး မပြတ် ထွန်းလင်းထားပါတယ်။

လူသွားလမ်း လမ်းကြိုလမ်းကြားတွေ၊ ကားလမ်းတွေနဲ့ လမ်းမကြီးတွေဟာ တစ်ချက်ကလေးမှ မီးအလင်းရောင် မှေးမှိန်သွားတာ မရှိဘဲ တစ်ညလုံး ထိန်ညီးနေတော့တာ ဖြစ်ပါတယ်။ မအိပ်စက်တဲ့ စင်ကာပူမြို့ကို လမ်းမီးတိုင်ပေါင်း ၁၁၀၀၀၀ နဲ့ လုံးဝ အမှောင်ရိပ် မသန်းရအောင် မပြတ် ထွန်းညှိပေးထားတာပဲ ဖြစ်ပါတယ်။

အလင်းညစ်ညမ်းမှု သိပ္ပံနှင့် နည်းပညာတက္ကသိုလ်ရဲ့ ၂၀၁၆ က သုတေသနပြုချက်မှာ စင်ကာပူကို ကမ္ဘာ့အလင်းအညစ်ညမ်းဆုံးနိုင်ငံအဖြစ် ထည့်သွင်းထားပါတယ်။

လူလုပ် မီးအလင်းရောင်ကြားမှာ စုံးစုံးမြုပ်နေပြီး သဘာဝညနဲ့ မထိတွေ့တော့တဲ့ စင်ကာပူနိုင်ငံမှာ နဂါးငွေ့တန်းကြယ်တာရာစုကို ကြည့်မြင်နိုင်တဲ့ နေရာ တစ်နေရာမှ မရှိတော့ကြောင်း အဲဒီ သုတေသန ပြုချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly