အင်ပါယာချဲ့နေတဲ့ ရုရှားဟာ နိုင်ငံတကာဥပဒေကို လုံးလုံး မလေးစားဟု ယူကရိန်း ရှုတ်ချ

အင်ပါယာချဲ့နေတဲ့ ရုရှားဟာ နိုင်ငံတကာဥပဒေကို လုံးလုံး မလေးစားဟု ယူကရိန်း ရှုတ်ချ

သည်ဟိတ်၊ ဇွန် ၁၁ ။         ။ နယ်သာလန်နိုင်ငံ သည်ဟိတ်က အမြဲတမ်း ခုံသမာဓိရုံး PCA မှာ ယူကရိန်းကိုယ်စားလှယ်တစ်ဦးက ရုရှားနိုင်ငံရဲ့ အင်ပါယာချဲ့တဲ့ အပြုအမူကို ဇွန် ၁၁ ရက်မှာ ရှုတ်ချပြောဆိုသွားပါတယ်။

ရုရှားနိုင်ငံဟာ ယူကရိန်းရဲ့ ခရိုင်းမီးယားဒေသကို လက်ဝယ် အရယူပြီး ကမ္ဘာ့ပင်လယ်သမုဒ္ဒရာဆိုင်ရာ နိုင်ငံတကာ ဥပဒေအပေါ် လုံးလုံး လေးစားမှု မရှိကြောင်း ယူကရိန်းကိုယ်စားလှယ် အမျိုးသမီး အိုလန်နာဇာကယ်က ပြောခဲ့တာပါ။

၂၀၁၄ မှာ ရုရှားရဲ့ သိမ်းပိုက်ခံခဲ့ရတဲံ ခရိုင်းမီးယားဝန်းကျင်က ကမ်းရိုးတန်းရေပြင်ဆီ ဖြတ်သန်းအသုံးပြုခွင့် ရရှိရေးနဲ့ ပတ်သက်ပြီး ကမ္ဘာ့ သက်တမ်းအရင့်ဆုံး တရားစီရင်ရေး PCA ခုံရုံးဆီ ယူကရိန်းနိုင်ငံဟာ ၂၀၁၆ မှာ အမှုစွဲတင်ထားတာ ဖြစ်ပါတယ်။

“ဒီ ခုံရုံးအနေနဲ့ ယူကရိန်းရဲ့ အမှုစွဲဆိုချက်အပေါ်မှာ ဆုံးဖြတ်ဖို့အတွက် တရားစီရင်ပိုင်ခွင့် မရှိဘူး။”လို့ ရုရှားကိုယ်စားလှယ် ဒီမီထရီလိုဘတ်ရှ်က မနေ့က PCA ခုံရုံးမှာ လာရောက်ထုချေထားတာ ဖြစ်ပါတယ်။ PCA ခုံရုံးအနေနဲ့ ပင်လယ်နက်၊ အဇော့ပင်လယ်နဲ့ ကာ့ရှ်ရေလက်ကြားတွေနဲ့ ပတ်သက်ပြီး ယူကရိန်းက အသုံးပြုဖြတ်သန်းခွင့်ရရေး အမှုတင်လာတာအပေါ် စီရင်ဆုံးဖြတ်ပိုင်ခွင့် မရှိကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ယူကရိန်းဖက်က လာရောက်လျှောက်လဲရတာဖြစ်ပြီး ရုရှားကို အင်ပါယာချဲ့ထွင်နေတယ်လို့ စွပ်စွဲပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

ရုရှားနိုင်ငံဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းမှာ ကာ့ရှ်ရေလက်ကြားအနီး ပင်လယ်နက်ကနေ အဇော့ပင်လယ်ဆီ ဦးတည် ခုတ်မောင်းလာတဲ့ ယူကရိန်းရေတပ်သင်္ဘော သုံးစင်းကို ပစ်ခတ်ဖမ်းဆီးပြီး သင်္ဘောသား ဒါဇင်များစွာကိုလည်း ဖမ်းဆီးထားတာ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly