အိန္ဒိယမှာ ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး ရေတွင်းပျက်ထဲ ပြုတ်ကျ သေဆုံး

အိန္ဒိယမှာ ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး ရေတွင်းပျက်ထဲ ပြုတ်ကျ သေဆုံး

ဇွန် ၁၁ ။          ။ အိန္ဒိယနိုင်ငံမှာ အသက် နှစ် နှစ်အရွယ် ကလေးငယ်တစ်ဦး ရေတွင်းပျက်တစ်ခုထဲ ပြုတ်ကျကာ လေးရက်ကျော်ကြာ ပိတ်မိနေခဲ့ပြီးနောက် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ယင်းကလေးငယ်ကိုတော့ ကျဉ်းမြောင်းလှတဲ့ ရေတွင်းထဲ ပြုတ်ကျပြီး လေးရက်ကျော်အကြာ ဇွန်လ ၁၁ ရက်ကျမှ ပြန်လည်ဆယ်ယူနိုင်ခဲ့တာဖြစ်ပြီး ကလေးငယ်ကတော့ အသက်ပါမလာတော့ပါဘူး။

ယင်းဖြစ်စဉ်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးကြန့်ကြာလွန်းခဲ့တာကြောင့် ကလေးငယ်ဟာ မသေသင့်ဘဲ သေဆုံးသွားရတာဖြစ်တယ်လို့လည်း ဆန္ဒပြမှုတွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။

ပန်ဂျပ်ပြည်နယ် Sangrur ခရိုင်မှာ အဆိုပါ ဖာတီဗီးရား ဆင်းန် အမည်ရ ယင်း လမ်းလျှောက်ခါစ ကလေးငယ်ယောကျ်ားလေးဟာ ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်တုန်းက ဆော့ကစားနေရင်းနဲ့ ၃၃ မီတာ (ပေ ၁၁၀) အနက်ရှိ ရေတွင်းတစ်တွင်းထဲ ပြုတ်ကျသွားခဲ့တာဖြစ်ပါတယ်။

အသုံးမပြုတော့တဲ့ ယင်းရေတွင်းရဲ့ အနံ၊ ဗြက်ကတော့ ၂၃ စင်တီမီတာ (ကိုးလက်မ) လောက်သာ ရှိတာကြောင့် ကယ်ဆယ်ရေးလုပ်သားတွေရဲ့ အားထုတ်မှုတွေက နှောင့်နှေးကြန့်ကြာစေခဲ့ရပါတယ်။

ယင်းအတွက်ကြောင့် အာဏာပိုင်တွေက ရေတွင်းအနားမှာ အပြိုင်ယှဉ်ပြီး တွင်းပေါက်တစ်ခုကို တူးခဲ့ရကာ ယင်းမှာ ၃၆ လက်မ ကျယ်တဲ့ ပိုက်တစ်ခုကို သွင်းပြီး ပိတ်မိနေတဲ့ ကောင်လေးနား ရောက်ဖို့ ကြိုးပမ်းခဲ့ရပါတယ်။

ယင်းနောက် ကလေးငယ်ကို အပေါ်ကို ပြန်ထုတ်လာနိုင်ပြီး ဆေးရုံကို တင်ပို့ခဲ့ပေမယ့် သေဆုံးနေပြီဆိုတာကို ကြေညာခဲ့ရပါတယ်။

ယင်းနေရာ အနားမှာ ရောက်နေတဲ့ ရွာသူရွာသားတွေကတော့ မအောင်မြင်ခဲ့တဲ့ ဒီကယ်ဆယ်ရေး မစ်ရှင်ကြောင့် စိတ်ဆိုးဒေါသထွက်လျက် ရှိနေပါတယ်။

ယခု ကလေးငယ် ပြုတ်ကျသွားတဲ့ တွင်းပေါက်ကတော့ ၎င်းရဲ့မိသားစုကပဲ ၁၉၈၄ ခုနှစ်မှာ တူးထားတာဖြစ်တယ်လို့ ဆိုပါတယ်။ ယင်းတွင်းထဲကနေ ရေ ခပ်ပြီး စိုက်ခင်းတွေကို ရေပေးဖို့ လုပ်ခဲ့တာဖြစ်ပါတယ်။ ယင်းနောက် ၁၉၉၁ နောက်ပိုင်း ယင်းတွင်းကို အသုံးမပြုတော့ဘဲ ထားခဲ့တာဖြစ်ပါတယ်။

ယခုဖြစ်စဉ်ပြီးနောက် ပြည်နယ်တစ်ဝှမ်း ခုလို ပိတ်မထားဘဲ ပွင့်နေတဲ့ တွင်းတွေကို လိုက်လံစစ်ဆေးဖို့ ပြည်နယ်ဝန်ကြီးချုပ် အမရင်ဒါ ဆင်းန်က အမိန့်ထုတ်ခဲ့တယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly