သွေးလွန်တုပ်ကွေးဖြစ်ပွားမှု လျော့ချရန် သင်တန်းပို့ချ

သွေးလွန်တုပ်ကွေးဖြစ်ပွားမှု လျော့ချရန် သင်တန်းပို့ချ

မကွေး၊ ဇွန် ၁၁ ။            ။ မကွေးတိုင်းဒေသကြီးသည် ၂၀၁၈ ခုနှစ်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ဒုတိယအများဆုံး ဖြစ်ခဲ့သောကြောင့် ယခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု လျော့ချရန် သင်တန်းများ ပို့ချနေကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးရောဂါ ယခင်ထက် ကုသကာကွယ်နိုင်ရေးအတွက် တိုက်နယ်မြို့နယ်ခရိုင် ဆရာဝန်များကို ကလေးအထူးကု ဆရာဝန်ကြီးများက ဇွန်လ ၁၁ရက်နေ့က မကွေးတိုင်းဒေသကြီ ပြည်သူကျန်းမာရေးဦးစီးဌာန ခန်းမ၌ သင်တန်းပို့ချပေးခဲ့ခြင်း ဖြစ်သည်။

“သင်တန်းပို့ချပေးနေတာပါ။သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားဖို့ ကလေးငယ်တွေ ခြင်ကိုက်မခံစေဖို့၊ ခြင်ပေါက်ဖွားနိုင်တဲ့နေရာတွေမှာဖုံး၊သွန်၊လဲ၊စစ်အသိပညာပေးတာတွေလုပ်ဖို့လိုအပ်ပါတယ်။ရောဂါ ဖြစ်ပွားမှု များတာဟာ အသက်(၁၅)နှစ်အောက် ကလေးငယ်တွေမှာ ဖြစ်ပွားတတ်ပြီး အသက် (၉) နှစ်အောက် ကလေးငယ်တွေက အဖြစ်များတာပါ။ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုှု လျော့ကျ စေဖို့အတွက်ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ လိုပြီး အိမ်တိုင်းမှာ ပိုးလောက်လန်း မပေါက် အောင် ကြိုတင်ကာကွယ်ဖို့လိုအပ်တယ်” ဟု ခြင်နှင့်ပတ်သက်သည့် ကာကွယ်နှိမ်နှင်းရေး လုပ်ငန်း အဖွဲ့ခေါင်ဆောင် ဆရာဝန်ဒေါက်တာကြည်သာဆွေက ပြောသည်။

မကွေးတိုင်းသည် (၂၀၁၈)ခုနှစ်က သွေးလွန်တုပ်ကွေးရောဂါ ဒုတိယအဖြစ်များဆုံးတိုင်းဖြစ်ခဲပြီး သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားသူ(၃၀၅၆)ဦးရှိခဲ့ကာ သေဆုံးသူ(၁၈)ဦးအထိရှိခဲ့ကြောင်း ယခုနှစ်တွင် မကွေးတိုင်း၌ လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ (၈၆)ဦး ရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ၂၀၁၈ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကြောင့် သေဆုံးမှုများခဲ့သည့် တိုင်းဒေသကြီး နှင့် ပြည်နယ် ၅ ခုမှ မြို့နယ်ကျန်းမာရေးဦးစီးမှူး နှင့် တိုက်နယ်ဆရာဝန်များကို သွေးလွန်တုပ်ကွေး ရောဂါနှင့်ပတ်သက်သည့် ကုသမှုဆိုင်ရာသင်တန်းကို ယခုလအတွင်း တိုင်း နှင့်ပြည်နယ် (၅)ခုတွင် ပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါတိုင်းဒေသကြီးပြည်နယ်များမှာ ရန်ကုန်၊မကွေး၊ဧရာဝတီ၊မွန်နှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့ဖြစ်ကြောင်း သိရသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly