မြောက်ကိုရီးယားခေါင်းဆောင်၏ ဝမ်းကွဲအကို ကင်မ်ဂျုံနမ်သည် စီအိုင်အေ သတင်းပေးတစ်ဦး ဖြစ်ခဲ့ဟု ဆို

မြောက်ကိုရီးယားခေါင်းဆောင်၏ ဝမ်းကွဲအကို ကင်မ်ဂျုံနမ်သည် စီအိုင်အေ သတင်းပေးတစ်ဦး ဖြစ်ခဲ့ဟု ဆို

ဇွန် ၁၁ ။             ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ဖအေတူ မအေကွဲ အကို ကမ်မ်ဂျုံနမ်ဟာ စီအိုင်အေ CIA သတင်းပေးတစ်ဦး ဖြစ်ကြောင်း Wall Street ဂျာနယ်က ဇွန်လ ၁၁ ရက်မှာ ထုတ်ပြန်ဖော်ပြလာခဲ့ပါတယ်။ ကင်မ်ဂျုံနမ်ကတော့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က မလေးရှားနိုင်ငံမှာ လုပ်ကြံခံရပြီး သေဆုံးသွားခဲ့ပြီးဖြစ်ကာ မြောက်ကိုရီးယားခေါင်းဆောင်နဲ့အကြား ခပ်တန်းတန်း ဆက်ဆံရေး ရှိသူဖြစ်ပါတယ်။

ယခုကဲ့သို့ ကင်မ်ဂျုံနမ်သည် စီအိုင်အေ သတင်းပေးဖြစ်ကြောင်းကို ယင်းကိစ္စအကြောင်း ကောင်းကောင်းသိရှိသူ တစ်ဦး ကို ကိုးကားပြီး အထက်ပါ ဂျာနယ်က ဖော်ပြထားခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ယင်း ဂျာနယ်ရဲ့ အဆိုအရ ကင်မ်ဂျုံနမ်ဟာ စီအိုင်အေ ဝန်ထမ်းတွေနဲ့ အကြိမ်များစွာ တွေ့ဆုံထားခဲ့ကြောင်း ပြောထားပါတယ်။

တစ်ချိန်တုန်းက မြောက်ကိုရီးယား ခေါင်းဆောင်နေရာ ဆက်ခံရရှိမယ့်သူ အဖြစ် ရှုမြင်ခံခဲ့ရဖူးတဲ့ ကင်မ်ဂျုံနမ်ကတော့ ၂၀၁၇ တုန်းက ကွာလာလမ်ပူ လေဆိပ်ကို ရောက်ရှိစဉ် မျက်နှာကို VX အာရုံကြောအဆိပ်ရည် သုတ်လိမ်းခံရပြီး သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

ဂျာနယ်ပါ သတင်းရင်းမြစ်ရဲ့အဆိုအရ ကင်မ်ဂျုံနမ်နဲ့ စီအိုင်အေအကြား အချိတ်အဆက်တွေ ရှိခဲ့ကြောင်း ပြောထားခဲ့ပေမယ့် ၎င်းနဲ့ အမေရိကန်ထောက်လှမ်းရေး အေဂျင်စီအကြား ပတ်သက်ဆက်နွယ်မှု အသေးစိတ်အချက်အလက်တွေကတော့ ရှင်းလင်းမှု မရှိဘူးလို့ သိရပါတယ်။

ကင်မ်ဂျုံနမ် လုပ်ကြံခံရပြီး သေဆုံးမှုဖြစ်စဉ်မှာတော့ မြောက်ကိုရီးယား အာဏာပိုင်တွေက စနစ်တကျ ညွန်ကြားခိုင်းစေခဲ့ခြင်း ဖြစ်ကြောင်း တောင်ကိုရီးယားနဲ့အမေရိကန် တာဝန်ရှိသူတွေက စွပ်စွဲခဲ့ကြပေမယ့် ပြုံယမ်းဘက်ကတော့ ပြန်လည် ငြင်းဆန်ထားခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly