မန္တလေးတိုင်းအတွင်း ကောက်စိုက်လုပ်သား ရှားပါးမှု ဖြစ်ပေါ်နေ

မန္တလေးတိုင်းအတွင်း ကောက်စိုက်လုပ်သား ရှားပါးမှု ဖြစ်ပေါ်နေ

မန္တလေး၊ ဇွန် ၁၁ ။           ။ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ်တို့တွင် မိုးစပါးစိုက်ပျိုးရန် ကောက်စိုက် လုပ်သား ရှားပါးလာမှုကြောင့် တောင်သူအများစု အခက်အခဲများ ဖြစ်ပေါ်လျှက်ရှိကြောင်း တောင်သူများထံမှ သိရသည်။

ထိုသို့ကောက်စိုက်လုပ်သား ရှားပါးလာမှုကြောင့် စိုက်ပျိုးချိန်နောက်ကျမှုများ ရှိနေပြီး စိုက်ပျိုးစရိတ် ကုန်ကျ မှုများလည်း ယခင်ကထက် ပိုမိုများလာခြင်းကြောင့် တောင်သူများ စိုက်ပျိုးရန် အခက်တွေ့နေခြင်းဖြစ်သည်။

"ကောက်စိုက်သမတင် ရှားလာတာမဟုတ်ဘူး။ပျိုးနုတ်ပါ ရှားလာတယ်။မိုးစပါးစိုက်ဖို့က အလုပ်သမား တော်တော်ရှားပါတယ်။အဲဒီလိုဆိုတော့ မိုးစပါးစိုက်ဖို့က တော်တော်ခက်လာတာပေါ့ကွာ။အချိန်မီစိုက်နိုင်ဖို့ကို လုပ်အားခ ပိုပေးခေါ်ရတယ်။တစ်ချိဳ႕ဆို တစ်နာရီ ဘယ်လောက်ဆိုပြီး တောင်းလာတောင် ရှိလာတယ်။ သူသူကိုယ်ကိုယ် အချိန်မီဖို့ ပေးရတာပေါ့။"ဟု ပုသိမ်ကြီးမြို့နယ်မှ တောင်သူကြီး ဦးသိန်းလှက ပြောပြသည်။

အဆိုပါဒေသတွင် ကောက်စိုက်လုပ်သားတစ်ဦးကို တစ်ရက်လျှင် ကျပ်တစ်သောင်းမှ တစ်သောင်းခွဲအထိ ပေးခေါ်ရသူများရှိသလို တစ်နာရီလျှင် ကျပ်သုံးထောင်ဖြင့်ပေးခေါ်နေသူများလည်း ရှိနေကြောင်း လယ်တစ်ဧက အတွက် ကောက်စိုက်လုပ်သား ၁၂ဦးမှ၁၅ ဦးအထိ အသုံးပြုရကြောင်း လယ်တစ်ဧကကို နံနက် ၇ နာရီမှ ၁၂ နာရီအထိ စိုက်ပျိုးရကြောင်း တောင်သူများထံမှ သိရသည်။

"အဘတို့က လယ်ရှိ စိုက်နေရမှဆိုတော့ ဘယ်လောက်နေနေ ခေါ်နေရတာပဲ။ခေါ်လို့ရတာကိုပဲ ကျေးဇူးတင် နေရတယ်။တို့ဆီမှာကိုက ကောက်စိုက်မရှိတော့ဘူး။အခုခေါ်ရတယ်ဆိုတာ ရွှေဘိုဘက်ကတို့ မြင်းခြံ ဘက်က တို့ ခေါ်နေရတာပါ။သူ့စျေးနဲ့သူဟာပဲ။စပါးစျေးကောင်းရင်းတော့ စံပေါ့ကွာ။မကောင်းရင် ခံပေါ့။ဒီလိုပဲ လုပ်နေရ တယ်။"ဟု မတ္တရာမြို့နယ်မှလယ် ၆ ဧက ပိုင်ဆိုင်သည့် ဦးခင်မောင်ဝင်းက ပြောသည်။

ယခင်က ကောက်စိုက်လုပ်သားတစ်ဦးလျှင် ကျပ်၃၅ဝဝမှ ကျပ် ၅ဝဝဝကြားသာ ပေးရပြီး ထိုစဉ်က ကောက် စိုက်လုပ်သားများက အလုပ်ရရှိရေးအတွက် လာရောက်ချိတ်ဆက်ခဲ့ကြကြောင်း ယခုမှာမူ လယ်ရှင်များက လုပ်သားများကို ရှာဖွေခေါ်ယူနေရကြောင်း သိရသည်။

ဒေသခံကောက်စိုက်လုပ်သားအများစုသည် ယခုအခါတွင် ပန်းရံလုပ်ငန်း၊ကုန်တင် ကုန်ချလုပ်ငန်းနှင့် လက် သမားလုပ်ငန်း စသည့်လုပ်ငန်းတို့တွင် ဝင်ရောက်လုပ်ကိုင်နေကြပြီး အများစုသည် မန္တလေးမြို့ပေါ်သို့ တက်ကာ ကျပန်း လုပ်ကိုင်သူများရှိသလို တစ်ချို့မှာ ရပ်ဝေးထွက်၍ ရွှေ့ပြောင်း လုပ်ကိုင်နေကြကြောင်း သိရသည်။

"ကောက်စိုက်တာက ငယ်ငယ်လေးကတည်းက လုပ်တယ်။ကျွန်မလုပ်တုန်းက ၁၅ဝဝပဲရတယ်။ ဝါသနာလည်း ပါတယ်။ ဒါပေမယ့် ရေရှည်ကျ မိသားစု စားဝတ်နေရေးက မဖူလုံဘူး။မဖူလုံတော့ ရွာက သူငယ်ချင်း အကူ အညီနဲ့ မြို့တက် ပန်းရံလိုက်တယ်။တစ်ရက်ကို ၂၅ဝဝရတယ်။ဒါနဲ့ ကောက်စိုက်တာမလုပ်ဖြစ်တော့ဘူး။အခုဆို ၁၂ဝဝဝရနေပြီ။ရွာက အတော်များများကတော့ မြို့တက်အလုပ်လုပ်ကြတာများတယ်။"ဟု ယခင်က ကောက် စိုက်သမလုပ်ခဲ့ပြီး ယခု ပန်းရံလုပ်ငန်းလုပ်ကိုင်နေသူ ပုသိမ်ကြီးမှ မထွေးထွေးက ပြောသည်။

တောင်သူများအနေဖြင့် ရိတ်သိမ်းခြွေလှေ့ချိန်တွင် စက်များဖြင့် လုပ်ကိုင်နေ၍ အခက်အခဲများ မရှိသော်လည်း စိုက်ပျိုးရန်အတွက် လုပ်သားရှားပါးမှု ကြောင့် အခက်အခဲများ ဖြစ်နေခြင်းဖြစ်သည်။

"ရိတ်တာခြွေတာက စက်နဲ့ဆိုတော့ ပြဿနာမရှိဘူး။စိုက်တာမှာ ပြဿနာရှိတယ်။ဒါကို ဘယ်လို အဖြေရှာမလဲ ဆိုတာ စဉ်းစားရမှာပဲ။ရေရှည်ဆိုရင်တော့ တစ်ခုခု လုပ်ရမှာပေါ့။"ဟု ပုသိမ်ကြီးမြို့နယ်မှတောင်သူ ဦးလှမင်းကပြောသည်။

ယခုအချိန်အခါသည် နွေစပါးရိတ်သိမ်းနေကြပြီးဖြစ်၍ တစ်ချို့တောင်သူများမှာ မိုးစပါးစိုက်ပျိုးရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေကြသည့် ကာလဖြစ်သည်။ မိုးစပါးကို ဇွန်လ နောက်ဆုံးပတ်တွင် စတင်စိုက်ပျိုးကြမည် ဖြစ်ကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required