ကျောက်ထုတ်လုပ်သားများ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရန် အသိပညာပေးမှုများ လိုအပ်နေ

ကျောက်ထုတ်လုပ်သားများ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရန် အသိပညာပေးမှုများ လိုအပ်နေ

မန္တလေး(ဇွန်လ ၁၁ရက်၊ ၂၀၁၉ခုနှစ်)။        ။ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ကျောက်ချောကျေးရွာအနီးပတ်ဝန်းကျင်ရှိ ဂျပန်လျှိုတောင်၊ကျားခေါင်းတောင်၊ ရွှေတောင်နှင့် တမာတောင်(အဖွားကြီးတောင်)တို့မှ ကျောက်အမျိုးမျိုးကို ပုံစံအမျိုးမျိုးဖြင့် ထုတ်ယူနေသူများအနေဖြင့် ကျောက်ထုတ်လုပ်သားများ၏ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် ဘေးကင်းလုံခြုံရေးတို့အတွက် အသိပညာပေးဟောပြောဆွေးနွေးမှုများ ပြုလုပ်ပေးသွားမည်ဟု ပုသိမ်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းဦးက ပြောသည်။

"မီးသတ်ရယ်၊ လျှပ်စစ်ရယ်၊ ကျန်းမာရေးရယ်၊ ထွေအုပ်ရယ် ပူပေါင်း လုပ်ဆောင်သွားဖို့ရှိတယ်။ အစီအစဉ်ဆွဲနေပါတယ်။ရှေ့လမှာလည်း အုန်းချောမှာ ပြည်သူ့စကားဝိုင်း လုပ်မယ်။ အဲ့ဒီမှာလည်း ထည့်သွင်းပြောပါမယ်" ဟု ဦးရဲမင်းဦးကပြောသည်။

လတ်တလောတွင် အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ရန် ညှိနှိုင်း၊ ဆွေးနွေးနေဆဲဖြစ်ပြီး ရက်မသတ်မှတ်ရသေးပေ။

 ပြီးခဲ့သည့် မေလ ၂၆ ရက်က ဂျပန်လျှိုတောင်တွင် ကျောက်ထုတ်လုပ်နေစဉ် ကျောက်တောင်ပြိုကျမှု ဖြစ်ပွားခဲ့ခြင်းကြောင့် ၂ ဦးသေဆုံးခဲ့ပြီး ၂ ဦးမှာ ဒဏ်ရာများရရှိခဲ့သည်။

အလားတူ ကျောက်တောင်များ ပြိုကျမှုများ မဖြစ်ပွားစေရန် ဆောင်ရန် ရှောင်ရန်အချက်များနှင့် ကျောက်ထုတ်လုပ်သားများ ဘေးကင်းလုံခြုံရေးအတွက် တာဝန်ရှိသာများအနေဖြင့် အသိပညာပေးမှုများ အမြန်ဆုံး ပြုလုပ်ပေးရန်အတွက် ကျောက်ထုတ် လုပ်သားအများစုက လိုလားနေကြသည်။

"တောင်ကနေ ဖဲ့ရတယ်၊ တစ်ချို့က ယမ်းနဲ့ဖောက်တယ်။လုပ်ရတာတော့ အန္တရာယ်ရှိတယ်။သတိထား လုပ်ရတယ်။အန္တရာယ်မဖြစ်အောင် လုပ်နိုင်ဖို့အတွက် ပညာပေးမှုတွေ လိုတာပေါ့။ဒီလိုတွေ လုပ်ပေးရင် အနည်းနဲ့အများတော့ အန္တရာယ်ကင်းလာမှာပဲ" ဟု အုန်းချောကျေးရွာမှ ကျောက်ထုတ်လုပ်သား ကိုမြင့်ဝေကပြောသည်။

ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာအနီးပတ်ဝန်းကျင်တွင် ပုံစံအမျိုးမျိုးဖြင့် ကျောက်ထုတ်လုပ်နေသည့် လုပ်ကွက်ပေါင်း ၁ဝဝကျော်ရှိပြီး ကျောက်ထုတ်လုပ်သားဦးရေ ၃၀၀ နီးပါးရှိသည်။

ကျောက်ထုတ်လုပ်သားအများစုသည် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ အုန်းချော၊ကျောက်ချော၊ရေကြည် စသည့် ကျေးရွာများမှဖြစ်ပြီး တစ်ချို့မှာ မြင်းခြံ၊ တောင်သာ၊မိတ္ထီလာ၊ မလှိုင်၊ပျော်ဘွယ် စသည်တို့မှ လာရောက်လုပ်ကိုင်သူများလည်းရှိသည်။

ကျောက်ထုတ်လုပ်သားတစ်ဦးကို လုပ်အားခအဖြစ် တစ်ရက်လျှင် ၁၂ဝဝဝကျပ်မှ၂ဝဝဝဝကျပ်ဝန်းကျင်ထိ ရရှိသည်။

အဆိုနေရာရှိ ကျောက်ထုတ်လုပ်ခွင့် ရရှိထားသည့် လုပ်ငန်းရှင်အများစုသည် ကျောက်ထုတ်လုပ်သားများ၏ ဘေးကင်းလုံခြုံရေးအတွက် စီမံဆောင်ရွက်ပေးမှု အားနည်းသည်ဟုလည်း ကျောက်ထုတ်လုပ်သားများက တစ်ညီတစ်ညွှတ်ထဲ ပြောဆိုကြသည်။

ကျောက်ထုတ်လုပ်ကွက်ပိုင်ရှင် ဦးသိန်းမောင်က "အန္တရာယ်မဖြစ်အောင်က ကျွန်တော့် အလုပ်သမားတွေကို အမြဲသတိပေးတယ်။ ကျောက်တောင်ပြိုလို့ပိတာ၊ ကျောက်စမှန်တာတွေကတော့ ဒီဘက်မှာရှိတာပဲ။ဘယ်သူမှမဖြစ်ချင်ကြဘူး။ ကျွန်တော်လည်း တတ်နိုင်သလောက် အန္တရာယ်ကင်းအောင် တောစီးဖိနပ်တို့၊ ဦးထုပ်အမာတို့ ဝယ်ပေးထားတယ်" ဟု ပြောသည်။

ကျောက်ထုတ်လုပ်ကွက် လုပ်ငန်းရှင်များအနေဖြင့် အသိပညာပေးနှင့် သတိပေးဆိုင်းဘုတ်များကို လုပ်ငန်းခွင်အနီး ထင်သာ မြင်သာ စိုက်ထူပေးရန်အတွက်လည်း ကျောက်ထုတ်လုပ်သားများက လိုလားနေကြသည်။

"ဆောင်ရန် ရှောင်ရန် လေးတွေကို ဗီနိုင်းနဲ့ ချိတ်ပေးထားစေချင်တယ်။ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ အလုပ်ခွင်ဝင်တိုင်းမြင်နေရမှာလေ။ဒါမှ ကျွန်တော်တို့လည်း သတိထားမိမယ်။သိလည်း သိလာမယ်" ဟု ကျောက်ထုတ်လုပ်သားခေါင်းဆောင် ဦးမောင်ကြီးက ပြောသည်။

အဆိုကျောက်ထုတ်လုပ်ငန်းများမှ ဆောက်လုပ်ရေးသုံး ကျောက်အမျိုးမျိုးနှင့် လမ်းခင်းကျောက်အမျိုးမျိုးတို့ကို အဓိကထား ထုတ်လုပ်နေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly