Myanmar Idol Season 4 အတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်

Myanmar Idol Season 4 အတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်
ဓာတ်ပုံ - သက်ကို (မဇ္စျိမ)

ဇွန်လ ၁၁ ။             ။ မြန်မာနိုင်ငံရဲ့ မျိုးဆက်သစ် ဂီတအဆိုရှင်များ အတွက် ပြည်တွင်း သီချင်းဆို ပြိုင်ပွဲတစ်ခု  ဖြစ်သည့် Myanmar Idol Season 4  ပြိုင်ပွဲအကြောင်း သတင်းစာရှင်းလင်းခြင်းကို ဇွန်လ ၁၁ ရက်နေ့ က ရန်ကုန်မြို့ Novotel Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါ  Season 4 တွင် ဒိုင်လူကြီးများ အဖြစ် ဒါရိုက်တာ အောင်ကိုလတ်၊  အမျိုးသမီး တေးသံရှင် တင်ဇာမော်  နှင့်  ဖြူဖြူကျော်သိန်း တို့ ပါဝင်ပြီး ပြိုင်ပွဲအတွက် ဒီနှစ်မှာတော့ ဒိုင်လူကြီး ၃ ဦးသာ ပါဝင်လာတာလည်း ဖြစ်ပါတယ်။

" ကျွန်မတို့ တကယ်ရွေးချယ်မယ့်သူသည် တကယ်ကို မှန်ကန်တဲ့သူ ကို Vote လုပ်ဖို့အတွက် အရေးကြီးပါတယ်။ ပညာပိုင်းဆိုင်ရာ ၊ ၀ါသာနာပိုင်းဆိုင်ရာ  နှစ်ခုလုံးကို ကွဲပြားစွာ ကြည့်ပြီးတော့ Vote လုပ်ဖို့အရေးကြီးပါတယ်။ ဘာလို့လဲဆိုရင် ကျွန်မမျှော်မှန်းထားတာက Myanmar Idol ကို American Idol ကဖိတ်ခေါ်လို့ ကမ္ဘာမှာရှိတဲ့လူတွေနဲ့ ယှဉ်ပြိုင်ရမယ်ဆိုရင် ကျွန်မ ကလေးတွေ ယှဉ်ပြိုင်စေချင်ပါတယ် " ပာု Moon Myanmar Media မှ Executive Project Director ဖြစ်သူ ဒေါ်နန်းမောက်လောဝ်ဆိုင် က Myanmar Idol seanson 4 နဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Myanmar Idol Season 4  အတွက် အသံစစ်ဆေးမှုများ ကို မြန်မာနိုင်ငံရဲ့ မြို့ကြီး  ၅ မြို့ကို ရွေးချယ်ထားတာဖြစ်ပြီး တောင်ကြီး၊ မန္တလေး ၊ တောင်ငူ၊ ဘားအံ နှင့် ရန်ကုန်  တို့မှာ ပြုလုပ်သွားမှာ ဖြစ်ပြီး Mobile Casting အဖြစ်  ကလော၊ ပင်းတယ ၊ မိတ္ထီလာ ၊ မုံရွာ ၊ ရွှေဘို ၊ ပြည် ၊ ပျဉ်းမနား ၊ မော်လမြိုင်၊ ပဲခူး၊ ပုသိမ် တို့ကို ရွေးချယ်ထားပါတယ်။

Myanmar Idol ရဲ့ Executive Producer ဖြစ်သူ ဦးအောင်ဖြိုးဝင်းက  " ဒီတစ်ခေါက်မှာ ဆုကြေးအဖြစ်  အနိုင်ရရှိသူ ပထမ ဆုရှင်ကို  သိန်း ၅၀၀ ပေးအပ်သွားမှာပါ။ Moon Myanmar Media ကလည်း solo Album တစ်ချပ် ထုတ်ဝေပေးသွားပါမယ် " လို့ ပြောပါတယ်။

Myanmar Idol ရဲ့ Season (1) မှာတော့ winner အဖြစ် စောလားထော်ဝါး ၊ Season (2) မှာ သားငယ် နဲ့ Season(3) မှာတော့  ဖြိုးမြတ်အောင် တို့က အနိုင်ရရှိထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly