ထိုင်းနိုင်ငံထဲ မူးယစ်ဆေးဝါးတွေ သွင်းနေတဲ့ လာအိုမူးယစ်ဂိုဏ်းသားတွေကို ထိုင်းအာဏာပိုင်တွေ အပူတပြင်း ရှာဖွေနေ

ထိုင်းနိုင်ငံထဲ မူးယစ်ဆေးဝါးတွေ သွင်းနေတဲ့ လာအိုမူးယစ်ဂိုဏ်းသားတွေကို ထိုင်းအာဏာပိုင်တွေ အပူတပြင်း ရှာဖွေနေ

ဇွန် ၁၁ ။              ။ ဒရုန်းတွေ၊ ဆင်းရဲနွမ်းပါးတဲ့ ရေလုပ်သားတွေကို အသုံးချပြီး ထိုင်းနိုင်ငံထဲကို စံချိန်တင် များပြားတဲ့ မူးယစ်ဆေးဝါးတွေ သွင်းနေလျက်ရှိတဲ့ လာအို မူးယစ်အဖွဲ့ဂိုဏ်းသားတွေကို ထိုင်းအာဏာပိုင်တွေ အပူတပြင်း လိုက်လံရှာဖွေ ဖမ်းဆီးနေရလျက် ရှိတယ်လို့ သိရပါတယ်။

ကုန်းတွင်းပိတ်နိုင်ငံ လာအိုကတော့ မြန်မာနိုင်ငံမှာ ထုတ်လုပ်တယ်လို့ဆိုတဲ့ မူးယစ်ဆေးတွေကို  အရှေ့တောင်အာရှနဲ့ သြစတြေးလျ စျေးကွက်တွေဆီ တင်သွင်းပေးနိုင်တဲ့ နေရာတစ်ခု ဖြစ်လာနေပါတယ်။ လာအို မူးယစ်ဂိုဏ်းအဖွဲ့သားတွေကတော့ လျှို့ဝှက်လမ်းကြောင်းနေရာတွေ၊ အုပ်ချုပ်သူအစိုးရလက်အောက် လွတ်ကင်းနေတဲ့ နယ်စပ်နေရာတွေကို အသုံးချပြီး ခုလို မူးယစ် မှောင်ခိုသယ်ပို့မှုတွေ လုပ်လို့ရနေတယ်လို့ ဆိုပါတယ်။

လာအိုနိုင်ငံရဲ့ ဝေးလံခေါင်ပါးတဲ့ တောင်ကုန်းဒေသတွေကို ဖြတ်သန်းပြီး ယခုလို မူးယစ်ဆေး သယ်ယူပို့ဆောင်မှုတွေကတော့ ထိုင်းနိုင်ငံထဲ ပုံမှန်လိုလို ချဉ်းနင်း ဝင်ရောက်လာနေလျက် ရှိတယ်လို့လည်း သိရပါတယ်။

“ မူးယစ်ဆေးတွေက ဟိုးနေရာကနေ ဒီဘက်ထဲ ဝင်လာတာပေါ့၊ ခုတော့ ဒီ မူးယစ်ဆေးက အမျိုးသားရေး ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပါပြီ” လို့ ထိုင်း ရေတပ် ဗိုလ်မှူးကြီး ဆွန်နွမ် ကမ်ဒီးက  ထိုင်းနဲ့လာအိုကို ပိုင်းခြားထားတဲ့ မဲခေါင်မြစ်တစ်ကြောက နေရာတစ်ခုကို လက်ပြရင်းနဲ့ အေအက်ဖ်ပီကို ပြောပါတယ်။

M4 ရိုင်ဖယ်သေနတ်တွေ၊ ညကြည့်မှန်ပြောင်းတွေ နဲ့အတူ ၎င်းရဲ့ မဲခေါင်မြစ် ကင်းလှည့်တပ်ဖွဲ့ကတော့ နခွန်ဖာနွန် ပြည်နယ် တစ်ကြော မြစ်ကြောင်းတစ်လျှောက် အမြန်ရေယာဉ်တွေနဲ့ ကင်းလှည့်နေရလျက် ရှိပါတယ်။

ယင်း ဒေသဧရိယာကတော့ ရှည်လျားလှပြီး လုံခြုံရေး စောင့်ကြည့်မှုအပိုင်းမှာ လိုအပ်ချက်တွေ ရှိနေတယ်လို့ သိရပါတယ်။

ရွှေတြိဂံ နယ်မြေ တောအုပ်တွေဘက်မှာ ထုုိင်းစစ်တပ်ဦးဆောင်ပြီး လများစွာ နှိမ်နင်းမှုတွေ လုပ်ခဲ့ပြီးနောက် တောင်ဘက်ခြမ်း မူးယစ်ဆေး သယ်ယူပို့ဆောင်ရာလမ်းကြောင်းတွေကို ပိတ်ဆို့ထားခဲ့တယ်လို့ သိရပါတယ်။

သို့ပေမယ့် ယခုအခါ မူးယစ်ဂိုဏ်းတွေဟာ လာအိုနဲ့ မဲခေါင်မြစ်တစ်လျှောက်ကနေတဆင့် အနောက်နဲ့ အရှေ့ လမ်းကြောင်းသစ်တွေကို ပြောင်းလဲအသုံးပြုလာနေတယ်လို့လည်း သိရပါတယ်။

လာအိုဘက်က မူးယစ်ဂိုဏ်းသားတွေကတော့ ထိုင်းဘက်ကို မူးယစ်ဆေး သယ်ပို့ဖို့အတွက် မဲခေါင်မြစ်ထဲမှာ ထိုင်းကင်းလှည့်ရဲတွေ ရှိမရှိ ဒရုန်းအသုံးပြု စစ်ဆေးတာတွေ လုပ်နေသလို ထိုင်းဘက်ခြမ်းက စစ်ဆေးရေးဂိတ်တွေကို စောင့်ကြည့်ဖို့ ကင်းထောက်တွေပါ ရှိနေတယ်လို့ သိရပါတယ်။

ယင်းအတွက်ကြောင့် ထိုင်းအာဏာပိုင်တွေအနေနဲ့ လာအို မူးယစ်ဂိုဏ်းသားတွေကို နှိမ်နင်းနိုင်ဖို့ အထူးအားထုတ်နေရလျက် ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly