ရွေးကောက်ပွဲကို စစ်ပွဲတစ်ပွဲကဲ့သို့ နိုင်အောင်တိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိပ်ကမ်းပြည်ခိုင်ဖြိုးအမတ်ဆို

ရွေးကောက်ပွဲကို စစ်ပွဲတစ်ပွဲကဲ့သို့ နိုင်အောင်တိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိပ်ကမ်းပြည်ခိုင်ဖြိုးအမတ်ဆို
ဓာတ်ပုံ - သူရ/မဇ္ဈိမ

ရန်ကုန် ၊ ဇွန် ၁၁ ။          ။ ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုဖြင့် တိုင်တန်းခံရပြီးနောက် လွှတ်တော်ကိုယ်စားလှယ်နေရာ ဖယ်ရှား ပေးရတော့မည့် ဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးအောင်သည် ရွေးကောက်ပွဲကို စစ်ပွဲတစ်ပွဲလို သဘောထားပြီး အနိုင်တိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

ဇွန်လ ၁၁ ရက်နေ့က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အရေးပေါ် အစည်းအဝေး အပြီးတွင် မီဒီယာများ၏ မေးမြန်းမှုကို ၎င်းကပြန်လည်ဖြေဆိုရာတွင် ထည့်သွင်းပြောဆို ခဲ့ခြင်းလည်း ဖြစ်သည်။

“စစ်ပွဲတစ်ပွဲကို တိုက်လိုက်ရတဲ့အတိုင်းပဲ။ သူနိုင်ကိုယ်နိုင်အပြိုင်ကြဲရတဲ့လုပ်ငန်းပဲလေ။ ရွေးကောက် ပွဲမှာ ကိုယ်လုပ်ခဲ့တဲ့ လုပ်ငန်းတွေအကုန်လုံးဟာ ပြည်သူကို စည်းရုံးခဲ့တာပဲ။ ပြည်သူတွေ ယုံကြည် လာအောင် အားကိုးလာအောင် လုပ်ခဲ့တဲ့ လုပ်ငန်းတွေချည်းပဲ” ဟု ၄င်းက ဆိုသည်။

ဦးနေမျိုးအောင်သည် ပြည်ထောင်စုကြံ႕ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုပြီး ၂၀၁၈ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ဆိပ်ကမ်းမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နေရာ ဝင်ရောက် ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့သူလည်းဖြစ်သည်။

သို့သော်လည်း ဦးနေမျိုးအောင်ကို ရွေးကောက်ပွဲ၌ တရားမဲ့ပြုကျင့်မှုဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဘက်မှ ရွေးကောက်ပွဲကော်မရှင်တွင် တိုင်တန်းခဲ့ရာတွင် ကော်မရှင်က ကန့်ကွက်ချက်ကို လက်ခံပြီး NLD ဘက်ကို မေ လ ၃၀ ရက်နေ့တွင် အနိုင်ပေးခဲ့သည်။

ကော်မရှင်၏ လုပ်ငန်းစဉ်သဘောသဘာဝအရ ဦးနေမျိုးအောင်ဘက်မှ အယူခံဝင်ခွင့် ကျန်ရှိနေသော ကြောင့် လွှတ်တော်ကိုယ်စားလှယ်နေရာကို အပြီးတိုင် လက်လွှတ်ရခြင်း မရှိသေးပေ။ အမိန့်ချမှတ်ပြီး ၁၅ ရက်အတွင်း အယူခံဝင်ရောက် နိုင်သောကြောင့် ရှေ့နေဖြင့် တိုင်ပင်ပြီးအယူခံဝင်ရောက် သွား မည်ဟု ၎င်းက ဆိုသည်။

“ကိုယ်လုပ်ခဲ့တဲ့ လုပ်ငန်းတွေထဲမှာ မှားတယ်ဆိုတာ မဖြစ်နိုင်ဘူး။ ကိုယ်လုပ်ခဲ့တာ ရွေးကောက်ပွဲ အနိုင်ရရှိရေးပဲ။ ပြည်သူကို စည်းရုံးခဲ့တယ်။ စည်းရုံးတဲ့နေရာမှာ ဥပဒေဘောင်အတွင်းကပဲ လုပ်ခဲ့ လိုက်တယ်” ဟု ဦးနေမျိုးအောင်က ဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင်ကာလအတွင်း၌  ဦးနေမျိုးအောင်သည် ဆိပ်ကမ်းမဲဆန္ဒနယ်မြေ အတွင်း ငွေချေးငှားမှု လုပ်ငန်းများ လုပ်ဆောင်ရာတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု ဆိုသည့် စွပ်စွဲ ချက်နှင့်ပတ်သက်၍ NLD ဘက်မှကိုယ်စားလှယ် ဦးသန်းထိုက်အောင်က ကန့်ကွက်လွှာ တင်သွင်း ခဲ့ခြင်းလည်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဘက်မှနေ၍ မိမိတို့သည် ပြည်သူလူထု၏ လိုအပ်အရ မြို့နယ်များတွင် ထိုသို့ချိတ်ဆက်ပေးခြင်းမျိုးပြုလုပ်ခဲ့ပေးဖူးကာ ဆိပ်ကမ်း မြို့နယ် တစ်ခုထဲတွင် ပြုလုပ်ခြင်းမဟုတ်ကြောင်းပြောဆိုထားသည်။

ဦးနေမျိုးအောင် အနိုင်ရရှိခဲ့သည့် ဆိပ်ကမ်းမြို့နယ်သည် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ သုံးထောင်အောက်ရှိပြီး ရဲတပ်ဖွဲ့ဝင်များနှင့် ဆိပ်ကမ်းလုပ်ငန်း ဝန်ထမ်း မိသားစုများ အများစု နေထိုင်သည့် မြို့နယ် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly