ယာဉ်တိုက်မှုကြောင့် ဖျာပုံဆေးရုံမှ လက်ထောက်ဆရာဝန် ၃ ဦး သေဆုံး

ယာဉ်တိုက်မှုကြောင့် ဖျာပုံဆေးရုံမှ လက်ထောက်ဆရာဝန် ၃ ဦး သေဆုံး

ပုသိမ်၊ ဇွန် ၁၁ ။         ။ ကွန်ကရစ်ဓာတ်တိုင်များတင်ပြီး ရပ်ထားသည့် ကားနှင့် ဖျာပုံဆေးရုံမှ ဆရာဝန်များပါသည့် ကားတို့ တိုက်မိခဲ့ရာ  လက်ထောက်ဆရာဝန်သုံးဦး သေဆုံးခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ႔ မှူးရုံးထံက ကနဦး သိရှိရသည်။

 “သုံးယောက်ဆုံးသွားတယ်၊ ဆရာဝန်ခြောက်ယောက်ပါတဲ့ကားက တံတားအဆင်းမှရပ်ထားတဲ့ ဓာတ်တိုင် တင်ထားတဲ့ ကားပေါ့၊ပြောရရင် ဓာတ်တိုင်တွေ က နောက်ကို ရှည်ထွက်နေတာလေ၊ အဲဒီကားနဲ႕ နောက်ကနေ တိုက်မိတာ၊ကားက မရပ်ရဆိုတဲ့ နေရာမှာ ရပ်ထားတယ်။ ဓာတ်တိုင် သုံးချောင်းက ကားရှေမှန်ကနေ နောက်မှန် ကို ဖောက်သွားတာပါ။ ဒဏ်ရာရတဲ့ သုံးယောက်ကို မအူပင်ဆေးရုံပို့ထားပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ႔ မှူးရုံးက ဒုတိယရဲမှူးကြီးထွန်းရွှေက မဇ္စျိမသို့ပြောသည်။


ဖြစ်စဉ်မှာ  ဇွန် ၁၁ ရက်နေ့ နံနက် ၃ နာရီဝန်းကျင်က ဖျာပုံ-ကျိုက်လတ်-မအူပင် ကားလမ်း ပေါ်ရှိ ဖျာပုံမြို့၊အမှတ် (၁၆)ရပ်ကွက်ရှိ ချောင်းတွင်းတံတား ခြေဆင်းတွင် ဓာတ်တိုင်များတင်ထားပြီးရပ်ထားသည့် (၁၀)ဘီးကား အား ယာဉ်မောင်း ဒေါက်တာဝေယံမျိုးထက် မောင်းနှင်လာသည့်  ဆရာဝန် ၆ ဦး စီးနင်းလိုက်ပါလာသောကားမှ ဝင်တိုက်မိရာ ကွန်ကရစ်ဓာတ်တိုင်များမှာ ကားနောက်မှန်အထိ ထိုးဝင် ပေါက်ထွက်သွားပြီး ယာဉ်မောင်း ဒေါက်တာဝေယံမျိုးထက်၊ ဒေါက်တာ အေးမြတ်သူနှင့် ဒေါက်တာ ပန်ဂျာထွယ်တို့သေဆုံးခဲ့၍ ကားပေါ်တွင် အတူစီးနင်းလိုက်ပါလာသော ဒေါက်တာနေမျိုးစု ၊ဒေါက်တာ လှမျိုးသူနှင့် ဒေါက်တာ နှင်းအိစိုးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။


 ”ယာဉ်စည်းကမ်းလမ်းစည်းကမ်းက ထိထိရောက်ရောက်လုပ်ဖို့ လိုနေတယ်။ မြို့နယ်တိုင်းမှာဖြစ်နေတာ။ ကျွန်တော်တို႔ အပိုင်းကလည်း သက်ဆိုင်ရာကို ထပ်ပြီး တိုက်တွန်းသွားဖို႔ ရှိပါတယ်”ဟု ဖျာပုံမြို့နယ် တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော်က မဇ္စျိမသို့ ပြောသည်။

ယာဉ်တိုက်မှုဖြင့် သေဆုံးခဲ့သည့်ဆရာဝန် သုံးဦးမှာ ဖျာပုံဆေးရုံသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်သည်မှာ မကြာသေးကြောင်း အဆိုပါဆေးရုံမှ အထက်တန်းသူနာပြုဆရာမ တစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly