အောက်တိုဘာလမတိုင်ခင် တရုတ်ကို ဆန်တန်ချိန် တစ်သိန်း တင်ပို့မယ်

အောက်တိုဘာလမတိုင်ခင် တရုတ်ကို ဆန်တန်ချိန် တစ်သိန်း တင်ပို့မယ်
တရုတ်သို့ ဆန်တန်ချိန်တစ်သိန်း တင်ပို့ရေး ညှိနှိုင်းအစည်းအဝေး(ဓာတ်ပုံ- မဇ္ဈိမ)

နေပြည်တော်(ဇွန်လ ၁ဝရက်၊ ၂၀၁၉ခုနှစ်)။ ။ ယခုနှစ် အောက်တိုဘာလမတိုင်ခင် တရုတ်နိုင်ငံသို့ ဆန်တန်ချိန် တစ်သိန်း တင်ပို့နိုင်ရန် စီစဉ်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

နှစ်နိုင်ငံအစိုးရချင်း သဘောတူညီချက် ရရှိထားပြီးဖြစ်သည့် တရုတ်နိုင်ငံသို့ ပင်လယ်ရေကြောင်းမှတစ်ဆင့် ဆန်တန်ချိန် တစ်သိန်း တင်ပို့နိုင်ရေး ကိစ္စနှင့်ပတ်သက်ပြီး နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ဇွန်လ ၁ဝရက်၊ မွန်းလွဲပိုင်းက ကျင်းပသည့် ညှိနှိုင်းအစည်းအဝေးတွင် ဒုဝန်ကြီးက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ရထားတဲ့ တန်ချိန် တစ်သိန်းကို အောက်တိုဘာ မတိုင်ခင် အမြန်ဆုံး ပေးပို့နိုင်အောင် စီစဉ်ဖို့ လိုအပ်တယ်” ဟု ဒုဝန်ကြီး ဦးအောင်ထူးက အစည်းအဝေးတွင် ပြောသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက တရုတ်နိုင်ငံတွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် ရပ်ဝန်းနှင့် ပိုးလမ်းမကြီးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ တက်ရောက်ခဲ့သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ခရီးစဉ်တွင် မြန်မာနိုင်ငံဘက်မှ ဆန်တန်ချိန် တစ်သိန်း တရားဝင် ဝယ်ယူရေး သဘောတူညီမှု ရရှိခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါ ဆန်တန်ချိန် တစ်သိန်း ရောင်းချရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဦးဆောင်ကာ ရောင်းချမည့် ကုမ္ပဏီများနှင့် တရုတ်နိုင်ငံမှ COSCO ကုမ္ပဏီတို့အကြား ယခုလအတွင်း ဘေကျင်းမြို့တွင် အရောင်းအဝယ်စာချုပ် လက်မှတ် ရေးထိုးသွားမည် ဖြစ်သည်။

“ဒီတစ်သိန်းကို အမြန်ပို့မယ်။ ပို့ပြီးတာနဲ့ နောက်ထပ် လေးသိန်း၊ ငါးသိန်း စသဖြင့် ဆက်ပြီးတော့ ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဌ ဦးရဲမင်းအောင်က ပြောသည်။

တင်ပို့မည့် ဆန်များသည် တရုတ်နိုင်ငံက သတ်မှတ်ထားသည့် အရည်အသွေး၊ ရောဂါကင်းရှင်းမှု စသည့် သတ်မှတ်ချက်များ ပြည့်မီရန် လိုအပ်သလို ဆန်တင်ပို့ရောင််းချမည့် ကုမ္ပဏီများအနေဖြင့်လည်း တရုတ်နိုင်ငံဘက်ကို မှတ်ပုံတင်ထားရန် လိုအပ်မည် ဖြစ်သည်။

ယခုကဲ့သို့ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် တစ်သိန်း တင်ပို့၊ ရောင််းချနိုင်မှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့် အစိုးရလက်ထက်ကလည်း ဆန်တန်ချိန် တစ်သိန်းကို ပင်လယ်ရေကြောင်းမှ တစ်ဆင့် တရားဝင် ရောင်းချခဲ့ဖူးသည်။

ထိုစဉ်က အရည်အသွေးအရ တရုတ်နိုင်ငံက ခွင့်ပြုခဲ့သည့် မြန်မာ့ဆန်စက် ၁၁လုံးမှ ထွက်ရှိသည့် ဆန်များကိုသာ တင်ပို့့ခွင့်ရသဖြင့် ဆန်တန်ချိန် တစ်သိန်းကို နှစ်နှစ်ခန့် အချိန်ယူကာ တင်ပို့ခဲ့ရသည်။

ယခုအခါ နောက်ထပ် ဆန်စက်ပေါင်း ၉၉လုံးကို မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှု လုပ်ငန်း လိမိတက်(MITS)က စစ်ဆေးပြီးဖြစ်ကာ စစ်ဆေး၊ တွေ့ရှိချက်များကို တရုတ်နိုင်ငံဘက်သို့ တင်ပြသွားမည် ဖြစ်သည်။

MITS ၏ မန်နေဂျင်းဒါရိုက်တာ ဦးတိုးအောင်မြင့်က “၁၄ရက်နေ့ကျရင် စိုက်ပျိုးရေးရယ်၊ ဆန်စပါးအသင်းချုပ်(MRF)ရယ်နဲ့ တွဲပြီးတော့ ဘယ်လို အရည်အသွေးမီတာကို ပေးမလဲဆိုတာ ဆုံးဖြတ်လိမ့်မယ်။ ဘယ််ဟာတွေ အရေးကြီးတယ်ဆိုတာကို ကြည့်ဆုံးဖြတ်ပါလိမ့်မယ်။ Technical Team(နည်းပညာဆိုင်ရာအဖွဲ့) ဆိုပြီး ဖွဲ့ထားတယ်။ ကျွန်တော်တို့က တွေ့ရှိချက်တွေ ပေးလိုက်ရုံပဲ။ သူတို့က ဘယ်ဆန်စက်က (အရည်အသွေး)ပြည့်စုံတယ်၊ မပြည့်စုံဘူးဆိုတာ ဆုံးဖြတ်ပါလိမ့်မယ်” ဟု ဆိုသည်။

ယခုဘဏ္ဍာနှစ် ရှစ်လအတွင်း တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ငါးသိန်းကျော်သာ တင်ပို့နိုင်ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ထက်ဝက်ခန့် လျော့နည်းနေသေးသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဌ ဦးရဲမင်းအောင်က “မိုးစပါးပေါ်ချိန်မှာ တောင်သူလယ်သမားတွေအတွက် ဈေးနှုန်းကျဆင်းမှုတွေ မဖြစ်အောင် တတ်နိုင်သမျှ တရုတ်နိုင်ငံတင် မကဘူး။ အခြားနိုင်ငံတွေက Quota(ကိုတာ)တွေ ရဖို့လည်း အစိုးရနဲ့ဆက်ပြီးတော့ လုပ်သွားဖို့ ရှိပါတယ်” ဟု ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly