သစ်တင်ကားအား ပစ်ခတ်ဖမ်းဆီးခဲ့သော်လည်း ယာဉ်ပေါ်ပါသူများ ထွက်ပြေးလွတ်မြောက်

သစ်တင်ကားအား ပစ်ခတ်ဖမ်းဆီးခဲ့သော်လည်း ယာဉ်ပေါ်ပါသူများ ထွက်ပြေးလွတ်မြောက်
ဓာတ်ပုံ - ရဲဇာနည်

ဇွန် ၁၀ ။          ။ သစ်များ တရားမဝင်တင်ဆောင်လာသော ၆ ဘီး သစ်တင်ကားတစ်စီးကို ဖမ်းဆီးရာ ခုခံသဖြင့် ရဲတပ်ဖွဲ့မှ ပစ်ခတ်ဖမ်းဆီးခဲ့သော်လည်း ယာဉ်ပေါ်ပါသူများ ထွက်ပြေးသွားခဲ့မှု မင်္ဂလာဒုံမြို့နယ်အတွင်း ဇွန်လ ၉ ရက်နေ့က ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဇွန် ၉ ရက်နေ့၊ နံနက် ၆ နာရီအချိန်ခန့်တွင် ရဲလှည့်ကင်း ဆောင်ရွက်စဉ် မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာ၊ ဇေကမ္ဘာ R (၁၁)လမ်းပေါ်တွင် မောင်းနှင်လာသော 2D×××× (၆)ဘီးယာဉ်အား မသင်္ကာဖွယ်တွေ့ရှိ၍ တားဆီးစစ်ဆေးရန်ပြုလုပ်စဉ် ရပ်တန့်ပေးခြင်းမရှိဘဲ ကားခေါင်း ခန်းပါလူများက ဓားရှည်များ ထောင်ပြကာ လေးခွဖြင့် စတင်ပစ်ခတ်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင် ၁ ဦး၏ ဝဲပုခုံး ထိမှန်၊ ဖူးယောင်ဒဏ်ရာ ရရှိခဲ့သည်။

၎င်းယာဉ်က ဆက်လက်မောင်းနှင်ထွက်ပြေးသွားပြီး အဆိုပါယာဉ် ထွက်ပြေးလွတ်မြောက်စေရန် 9C××××MARK II ယာဉ်မှ လှည့်ကင်းယာဉ်အား တားဆီးပိတ်ဆို့မောင်းနှင်နေခြင်းများ ပြုလုပ်ကြောင်း၊ ၎င်းယာဉ်အား လှည့်ကင်းယာဉ်မှ ကျော်တက်ပြီး ၆ ဘီးယာဉ်အား ဆက်လက်လိုက်လံဖမ်းဆီးစဉ် ထောက်ကြန့်မြို့၊ လမ်းဆုံအရောက် ရဲတပ်ဖွဲ့မှ သတိပေးပစ်ခတ်တားဆီးခဲ့သည်ဟု ရဲတပ်ဖွဲ့မှ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယာဉ်၏နောက်ဘီးအား ထိမှန်ပြီး ၎င်းယာဉ်သည် အမှတ်(၃)လမ်းမကြီး ပိတ်ဆို့ရှာဖွေရေးဂိတ်ရှိ ဘယ်ရီဂိတ် အတားအဆီးများနှင့် အမြန်လမ်းမကြီး တိုးဂိတ်မောင်းတံတို့အား ဝင်တိုက်၍ ဆက်လက်မောင်းနှင်ထွက်ပြေးပြီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်(၆/၁)အနီးတွင် ရပ်တန့် သွားခဲ့ကြောင်း၊ ယာဉ်ပေါ်ပါသူများမှာ တိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်ပေါ်၌ ကျွန်းခွဲသားဆိုဒ်စုံ (၄.၉၄၃၄)တန် အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်သည်ဟု ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly