ဂျပန်တွင် ကျင်းပမည့် ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲအတွက် မြန်မာကစားသမား၂ ဦး ရွေးချယ်ခံရ

ဂျပန်တွင် ကျင်းပမည့် ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲအတွက် မြန်မာကစားသမား၂ ဦး ရွေးချယ်ခံရ
 ဓာတ်ပုံ - ထွန်းထွန်းဝင်း

ရန်ကုန်၊ ဇွန်လ ၁၀ ။          ။ ချစ်ကြည်ရေးအထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ (Japan Fun Cup)အတွက် မြန်မာကစားသမား နှစ်ဦး ဖြစ်သော နေလင်းထက် (ဂိုးသမား) နှင့် ပြည့်ဖြိုးအောင် (ရှေ့တန်းကစားသမား )တို့ ရွေးချယ်ခံခဲ့ရ ကြောင်း ဇွန်လ ၁၀ နေ့က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အစည်းဝေးခန်းမတွင်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲက သိရသည်။

" ကျွန်တော်တို့အတွက်လည်း တစ်ပန်းသာတာကဒီလိုမျိုးပွဲကို ဂျပန်လက်ရွေးစင်နဲ့လည်းကစားရမယ်။နောက်ဒီကလေးတွေ ကနိုင်ငံတကာမှကျတော့နည်းစနစ်တွေ နားလည်ပြီးရင်ဘယ်နိုင်ငံကလဲမဟုတ်တော့ဘူး။ ပရိုကလပ်တွေ အကုန်လုံးက နိုင်ငံအားလုံး  ပေါင်းကစားတဲ့အဆင့်ဖြစ်သွားပါပြီ။အဲလိုမျိုးပေါင်းကစားတတ်တဲ့အလေ့အထစရိုက်လည်းရသွားလိမ့်မယ်။အမြဲတမ်းအတူတူကစားမှကစားတတ်တယ်ဆိုတာမဟုတ်တော့ပါဘူး။ ပရော်ဖက်ရှင်နယ်ပိုပီသလာတာပေါ့။အဲလိုကလေးတွေဒီလိုအတွေ့အကြုံရသွားတာအရမ်းကောင်းပါတယ်။ကျွန်တော်အနေနဲ့ကဒီကလေးတွေကိုတကယ်နိုင်ငံခြားထွက်ကန်နိုင်တဲ့ပရော်ဖက်ရှင်နယ်ကစားသမားတွေဖြစ်တဲ့အထိ လက်ရွေး စင်မှာလည်း ပြန်ကစားရင် တကယ်အားကိုးရတဲ့ ကစားသမားတွေအထိ ဖြစ်သွားစေချင်ပါတယ် " ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောသည်။

ဂျပန်ဖောင်ဒေးရှင်း အာရှစင်တာနှင့် ဂျပန်ဘောလုံးအဖွဲ့အစည်း(JFA) တို့၏ ပူးပေါင်းမှုဖြင့် အရှေ့တောင်အာရှ  U-18 လက်ရွေးစင်အသင်းနှင့် ဂျပန်အရှေ့မြောက်ပိုင်းဒေသ U-18 လက်ရွေးစင်းအသင်းတို့၏ ချစ်ကြည်ရေးအထိမ်းအမှတ်ဘောလုံးပြိုင်ပွဲ (Japan Fun Cup) ကို ဇွန်လ ၂၂ ရက်နေ့ တွင် ဂျပန်နိုင်ငံ ဖူကူရှီးမားမြို့ ရှိ J-Village အားကစားကွင်းတွင် ကျင်းပမည် ဖြစ်သည်။

မြန်မာလက်ရွေးစင် ယူ-၁၈ အသင်းမှ မြန်မာကစားသမားနှစ်ဦး ဖြစ်သည့် နေလင်းထက် (ဂိုးသမား) သည် ၂၀၁၅ ခုနှစ် မှစတင်ကာ မန္တလေးဘောလုံးအကယ်ဒမီသို့ စတင်ဝင်ရောက်ခဲ့ပြီး U-15 U-16 U-18 အသင်းများတွင် မြန်မာလက်ရွေးစင် ဂိုးသမားအဖြစ် ပါဝင်ခဲ့သူဖြစ်သည်။  ရှေ့တန်းကစားသမား ဖြစ်သော ပြည့်ဖြိုးအောင်သည် ၂၀၁၅ ခုနှစ်တွင် မန္တလေးအကယ်ဒမီသို့ ဝင်ရောက်ခဲ့ပြီး U-21 အသင်း ၏ ဒေသအတွင်းပြိုင်ပွဲများနှင့် ၂၀၁၉ ခုနှစ် က ဘန်ကောက်မြို့တွင် ပြုလုပ်သည့် AFF U-18 တံခွန် စိုက်ဖလားပွဲ၊ AFC U-18 တံခွန်စိုက်ဖလားပွဲ နှင့် ၂၀၂၀ ခုနှစ် AFC U-19 တံခွန်စိုက်ဖလား တို့တွင် ပါဝင်ခဲ့ကာ လက်ရှိတွင် U-18 နေရှင်နယ်အသင်းတွင် ကစားနေသူ ဖြစ်သည်။

" ဂျပန်ဖောင်ဒေးရှင်း နဲ့ဂျပန်နိုင်ငံက အဓိကပိုကျပါတယ်။ သူတို့အနေနဲ့ ဒီအာဆီယံ နဲ့ဂျပန်နိုင်ငံ ဆက်ဆံရေး ပိုမိုကောင်းမွန်အောင်ရယ် ဘောလုံးလောက ပိုမိုတိုးတက် ဖို့ရယ် ရွယ်ရည်ပြီး ဒီပွဲကို လုပ်တာပါ” ဟု ဆက်လက်ပြီး ဦးဇော်ဇော်က ပြောသည်။

အဆိုပါ ပြိုင်ပွဲတွင် အရှေ့တောင်အာရှ (၁၀) နိုင်ငံမှ ကစားသမား ၂ ဦးစီကို ရွေးချယ်ထားပြီး မြန်မာ နိုင်ငံမှ ပထမဆုံးအကြိမ် အဖြစ် ရွေးချယ်ခံရခြင်း ဖြစ်သည်။  အရှေ့တောင်အာရှ ၁၀ နိုင်ငံမှ ရွေးချယ် ခံထားသည့် U-18 လက်ရွေးစင်ကစားသမားများကို စုပေါင်းကာ မတူကွဲပြားသော"ASIAN ELEVEN " အသင်း အမည်ဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းဒေသရှိ ခရိုင်အသီးသီးမှ ရွေးချယ် ထားသည့်  U-18 လက်ရွေးစင်အသင်း နှင့် ချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required