တိုက်ပွဲများကြောင့် ပလက်၀ မြို့ပေါ်သို့ လူခြောက်ရာကျော် ထွက်ပြေး

တိုက်ပွဲများကြောင့် ပလက်၀ မြို့ပေါ်သို့ လူခြောက်ရာကျော် ထွက်ပြေး
ဓာတ်ပုံ- ပလက်ဝမြို့နယ်လူမှု့ကူညီရေးပရဟိတအဖွဲ့

ရန်ကုန် ၊ ဇွန် ၁၀ ။            ။ တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ပလက်ဝမြို့နှင့် ၇ မိုင်ကျော်ဝေးသည့် သဲမချောင်းထဲ ၊ ပိန္နဲတစ်ပင် ၊ ကြွေသောင် ၊ ချောင်းဝ ၊ ကျောက်ပျဉ်ထောင့်နှင့် လောင်းတင်ရွာမှ အိမ်ထောင်စု ၁၂၄ စု လူဦးရေ စုစုပေါင်း ၆၃၆ ဦးသည် ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းက ပလက်ဝမြို့ပေါ်သို့ စစ်ဘေးတိမ်းရှောင် လာခဲ့ကြကြောင်း ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူများထံမှ သိရသည်။

လက်ရှိလူဦးရေသည် ဇွန်လ ၉ ရက်နေ့က ထွက်ပြေးလာသည့် လူဦးရေဖြစ်ပြီး တစ်ချို့ကျေးရွာများမှ ထွက်ပြေးလာသူများ ရှိနေခြင်းကြောင့် ဒုက္ခသည်ဦးရေမှာ ပိုမိုတိုးပွားလာဖွယ်ရှိနေသည်ဟု ကူညီ ကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူများက ဆိုသည်။

“လူတစ်ဦးကို ဆန်တစ်ဘူးနှုန်း ပေးတယ်။ ဟင်းဝယ်စားဖို့အတွက် တစ်အိမ်ထောင်ကို ငွေ တစ်ထောင်နှုန်း ထောက်ပံ့ပေးထားပါတယ်။တည်းခိုတဲ့နေရာတွေ စောင်တို့ ခြင်ထောင်တို့ ထောက်ပံ့ထားတယ်” ဟု ကူညီကယ်ဆယ်ရေးများလုပ်ဆောင်ပေးနေသည့် ပလက်ဝမြို့ လူမှုကူညီရေးအဖွဲ့ ဥက္ကဋ္ဌဦးဝေတန်းက မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

ရွာအနီးပတ်ဝန်းကျင်၌ လက်နက်ငယ်ပစ်ခတ်သံများနှင့်အတူ တိုက်ပွဲများ ဖြစ်ပွားလာကာ လက်နက် ကြီး ပေါက်ကွဲသံများ ကြားလာရခြင်းကြောင့် ထွက်ပြေးလာခဲ့ခြင်းဖြစ်ကြောင်း ဒုက္ခသည်များက ပြောဆိုခဲ့ကြသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ထွက်ပြေးတိမ်းရှောင်လာသူများထဲတွင် သက်ကြီးရွယ်အိုများ ၊ မိန်းမများ နှင့် ကလေးငယ်များ အများစုပါဝင်ပြီး မြို့ပေါ်ရှိ ကယ်ဆယ်ရေးအဖွဲ့ နှင့် ဘာသာရေးအဖွဲ့များ၊ အစိုးရအဖွဲ့များစုပေါင်းပြီး အကူအညီပေးနေသည်ဟု ဦးဝေတန်းက ဆိုသည်။

လက်ရှိတွင် စစ်ရှောင်ပြည်သူများကို အင်္ဂလီကန်မူကြိုကျောင်း၊ ကြံ့ခိုင်ရေးရုံး နှင့် ခူမီးယဉ်ကျေးမှု ပြတိုက်ရှိ ခန်းမဆောင်များတွင် နေရာချထားပေးထားပြီး မြို့တွင်းရှိ ဆွေမျိုးသားချင်းအိမ်များတွင် လည်း သွားရောက်နေထိုင်သူများ ရှိနေကြောင်း သိရသည်။

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အနီး၌ တပ်မတော်နှင့် ရက္ခိုင့်တပ် AA တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် တိုက်ပွဲတိမ်းရှောင်ပြည်သူအချို့သည် မကြာခဏဆိုသလို မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ရလေ့ ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly