ဟောင်ကောင်မှာ ဆန္ဒပြသူတွေကို ရဲက ရှင်းလင်းရာမှ ထိပ်တိုက်ပဋိပက္ခ ဖြစ်ပွား

ဟောင်ကောင်မှာ ဆန္ဒပြသူတွေကို ရဲက ရှင်းလင်းရာမှ ထိပ်တိုက်ပဋိပက္ခ ဖြစ်ပွား

ဟောင်ကောင်၊ ဇွန် ၁၀ ။          ။ ဟောင်ကောင်မှာ တရုတ်နိုင်ငံဆီ တရားခံလွှဲပြောင်းပေးမယ့် ဥပဒေကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေကို ရဲက လူစုခွဲရန် နှိမ်နင်းရာကနေ ထိပ်တိုက်တွေ့ပြီး ပဋိပက္ခဖြစ်ပွားပါတယ်။

ဇွန် ၁၀ ရက် အစောပိုင်းအချိန်မှာ ဟောင်ကောင် ပါလီမန်ဝန်းကျင်က ဆန္ဒြုပသူတွေကို ရှင်းလင်းရာမှာ ရဲက ရာဘာတုတ်တွေ၊ စပရေးတွေ သုံးပြီး နှိမ်နင်းတာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေကလည်း ပုလင်းတွေ၊ ဘူးတွေ စတဲ့ ရရာပစ္စည်းတွေနဲ့ ပစ်ပေါက်ပြီး ရဲတပ်ဖွဲ့ကို ပြန်လည်ခုခံပါတယ်။

လွှတ်တော်အပြင်ဖက်မှာ ညလုံးပေါက် သပိတ်ဆင်နွှဲဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ ဆန္ဒပြအုပ်စုတစ်စုဆီ ရဲက ထိိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားရာမှာ ဆန္ဒပြသူတွေက ကာဆီးထားကြပါတယ်။

ရဲတစ်ဦးကို မျက်နှာမှာ သွေးတွေ စီးကျလျက်နဲ့ မြင်တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ရက်က မြို့အနှံ့မှာ အင်အားကြီးမားစွာနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး နောက်တစ်နေ့ ဒီကနေ့မှာ ဆန္ဒပြသူတွေကို ရဲက ဖြိုခွင်းရာကနေ ခုလို ဆူပူအကြမ်းဖက်မှုအသွင် ကူးပြောင်းခဲ့တာပဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဆီ ရာဇဝတ်သား လွှဲပြောင်းပေးတဲ့ ဥပဒေကြမ်းကို အစိုးရက စီစဉ်လာတာနဲ့ ပတ်သက်ပြီး ဟောင်ကောင်ပြည်သူတွေက ဆန့်ကျင်ဆန္ဒပြကြတာဖြစ်ပြီး ခု ဆန္ဒပြမှုဟာ ပေကျင်းအစိုးရ လိုလားတဲ့ ဟောင်ကောင်အာဏာပိုင်တွေအပေါ် နှစ်များစွာအတွင်း အကြီးကျယ်ဆုံး လူထုအုံကြွတုံ့ပြန်မှုတစ်ရပ်ပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly