အီရန်၏ ဦးစီးခေါင်းဆောင်က အမေရိကန်နှင့် စေ့စပ်ညှိနှိုင်းမှုမှန်သမျှကို ပိတ်ပင်

အီရန်၏ ဦးစီးခေါင်းဆောင်က အမေရိကန်နှင့် စေ့စပ်ညှိနှိုင်းမှုမှန်သမျှကို ပိတ်ပင်

တီဟီရန်၊ အောက်တိုဘာ - ၈ ။         ။ အီရန်၏ ဦးစီးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက စက်တင်ဘာ ၈ရက်နေ့တွင် အီရန်နှင့် အမေရိကန်ပြည်ထောင်စုကြား နောက်ထပ် စေ့စပ်ညှိနှိုင်းမှု မှန်သမျှကို ပိတ်ပင်လိုက်သောကြောင့် ဇူလိုင်လက ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် နျူကလီးယားသဘောတူညီချက်ရပြီးနောက်ပိုင်း အီရန်၏ အထီးကျန်မှုကို အဆုံးသတ်ရန် မျှော်လင့်နေကြသည့် သဘောထားပျော့ပျောင်းသူများကို ဘရိတ်အုပ်ပေးလိုက်ခြင်းပင်ဖြစ်သည်။

လွန်ခဲ့သည့်လထဲကပင် အစ္စလာမ်သမ္မတနိုင်ငံ၏ အမြင့်ဆုံးအာဏာပိုင်ဖြစ်သည့် ခါမေနီက နျူကလီးယားသဘောတူညီချက်နောက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စုနှင့် နောက်ထပ် ဆွေးနွေးတော့ မည်မဟုတ်ဟု ပြောကြားခဲ့သော်လည်း လုံးဝပိတ်ပင်သည်ဟုတော့ ကြေညာခဲ့ခြင်းမရှိပေ။

သို့ရာတွင် ခါမေနီ၏ ပြောဆိုချက်မှာ နှစ်နိုင်ငံက ဆန့်ကျင်ဘက်တစ်ဖက်စီကို ထောက်ခံမှုပေးနေရာ ဆီးရီးယားစစ်ပွကို ဖြေရှင်းရန် အမေရိကန်ပြည်ထောင်စုနှင့် ဆွေးနွေးရန် ၎င်း၏အစိုးရက အသင့်ရှိကြောင်း ပြောကြားနေသည့် ပျော့ပျောင်းသော အီရန်သမ္မတ ဟာဆန် ရိုဟန်နီ၏ ပြောဆိုချက်များနှင့်မူ ဖီလာဆန့်ကျင်နေသည်။

‘အမေရိကန်ပြည်ထောင်စုနဲ့ စေံစပ်ညှိနှိုင်းမှုတွေဟာ သူတို့ရဲ့ စီးပွားရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေးနဲ့ လုံခြုံရေး လွှမ်းမိုးမှုတွေအတွက် တံခါးဖွင့်ပေးလိုက်တာပဲ။ နျူကလီးယားအရေး ဆွေးနွေးချိန်မှာတောင် သူတို့က ကျနော်တို့ရဲ့ အမျိုးသားအကျိုးစီးပွားကို ထိပါးဖို့ ကြိုးစားခဲ့သေးတယ်။ ကျနော်တို့ရဲ့ စေ့စပ်ညှိနှိုင်းသူတွေဟာ နိုးကြားသတိရှိသူတွေ ဖြစ်ကြပေမယ့်လည်း အမေရိကန်တွေက အခွင့်အရေးလေး နည်းနည်းရတာနဲ့ အမြတ်ထုတ်တတ်တယ်’’ဟု ခါမေနီက ပြောကြားခဲ့သည်ဟု ဆိုသည်။

လွန်ခဲ့သည့် ၁၈လတာ စေ့စပ်ညှိနှိုင်းမှုကို ခါမေနီက ထောက်ခံခဲ့သော်လည်း ဆယ်စုနှစ်တစ်ခုကျော်အကြာ မတိုးသာမဆုတ်သာအခြေအနေကို ဖြေရှင်းနိုင်ခဲ့သည့် အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ ဗြိတိန်၊ တရုတ်၊ ရုရှတို့နှင့် ရယူခဲ့သည့် နျူကလီးယားသဘောတူညီချက်ကို လူသိရှင်ကြား ထောက်ခံခြင်းတော့ မရှိခဲ့ပေ။ အနောက်နိုင်ငံများက အီရန်က နျူကလီးယားလက်နက်များ ထုတ်လုပ်မည်ကို စိုးရိမ်ခဲ့ ကြသော်လည်း တီဟီရန်ကမူ ထိုသံသယများကို ငြင်းဆန်ထားသည်။

လူနေမှုအဆင့်အတန်းများ တိုးတက်လာပြီး ကျန်ကမ္ဘာ့အစိတ်အပိုင်းများနှင့်လည်း ကောင်းမွန်သောဆက်ဆံရေးကို မြင်တွေ့လိုကြသည့် အီရန်နိုင်ငံသားများကမူ ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းပေးသည့် အတွက် အလဲအထပ်အနေဖြင့် နျူကလီးယားအစီအစဉ်ကို ထိန်းချုပ်ကန့်သတ်ရသည့် သဘောတူညီချက်ကို ကြိုဆိုခဲ့ကြသည်။

နျုူကလီးယားသဘောတူညီချက်မှာ ရိုဟန်နီနှင့် သူ့ကိုထောက်ခံသူများအဖို့ နောက်နှစ် အဓိကကျသည့် ရွေးကောက်ပွဲများမတိုင်မီ ကြီးကျယ်သော နိုင်ငံရေးအောင်ပွဲတစ်ရပ်ဖြစ်သကဲ့သို့ အီရန်၏ ပျော့ပျောင်း သူများနှင့် တင်းမာသူများကြား ရှုပ်ထွေးသည့် အာဏာအဆောက်အအုံတွင်လည်း ကွဲပြားမှုကို ပိုမိုနက်ရှိုင်းသွားစေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly