ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့် ၂၀၂၀ ရွေးကောက်ပွဲ ဝင်ပြိုင်မည်

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့် ၂၀၂၀ ရွေးကောက်ပွဲ ဝင်ပြိုင်မည်
Photo: Hein Htet/EPA

နေပြည်တော်(ဇွန်လ ၁၀ ရက်၊ ၂၀၁၉ခုနှစ်)။ ။ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် သမ္မတ ဦးဝင်းမြင့်နှင့် နိိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့  ၂ ဦးလုံး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု အာဏာရNLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာတွင် ဇွန် ၈ ရက်က လေးနာရီခန့်ကြာကျင်းပခဲ့သည့် ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့(CEC) အစည်းအဝေး အပြီးတွင် မီဒီယာများအား ပြောခဲ့ခြင်းဖြစ်သည်။

“ဝင်ပြီးတော့ အရွေးခံမှာပါ။ ဘာလို့လည်းဆိုတော့ အင်မတန်အရည်အချင်းရှိတဲ့သူတွေကို ဆက်ပြီးတော့ တိုင်းပြည်အတွက် သူတို့ရဲ့ လုပ်အားကို လိုပါတယ်။ (သမ္မတရော၊ အတိုင်ပင်ခံရော) ဆက်ပြီး အရွေးခံမှာပါ”ဟု ဒေါက်တာ မျိုးညွန့်က ပြောသည်။

မည်သည့်မဲဆန္ဒနယ် နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ကို မေးမြန်းရာတွင်  “ဒါတော့ ကျွန်တေ်ာတို့ ပြောဖို့ စောပါသေးတယ်။ ဒါမပြောနိုင်သေးပါဘူး”ဟု  ၎င်းက ဆိုသည်။

ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များသည် အနီးကပ်ဆုံးရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါက လက်ရှိ ရာထူးမှ အနားယူရမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခုနှစ်ကုန်ပိုင်းတွင် အုပ်ချုပ်ရေးတာဝန်များမှ အနားယူပြီး ပါတီသို့ ပြန်သွားမည်ဟူသည့် သတင်းများထွက်ပေါ်နေသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

NLD ပါတီမှ လာမည့်ရွေးကောက်ပွဲတွင် အရည်အချင်းရှိသူများကိုသာ ဝင်ရောက်အရွေးခံရန် စီစဉ်ထားသော်လည်း လက်ရှိပါတီ၏ လွှတ်တေ်ာကိုယ်စားလှယ်များအနက်  စည်းကမ်းထိန်းသိမ်းရေးအရ အရေးယူထားသူများကို ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ် ပြန်ရွေးတော့မည် မဟုတ်ကြောင်း  ဒေါက်တာ မျိုးညွန့်ကပြောသည်။

“ပြည်သူနဲ့ ဆက်ဆံတဲ့အခါမှာ မောက်မာတယ်၊ နောက်ပြီးတော့ စည်းကမ်းထိန်းသိမ်းရေးအရ အရေးယူထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ကျွန်တေ်ာတို့ ပြန်ပါလာမှာ မဟုတ်ပါဘူး။ ဒါကတော့ ကျွန်တော်တို့ တင်းတင်းကြပ်ကြပ်ကို စိစစ်မှာပါ”ဟု ၎င်းက ဆက်လက်ပြောသည်။

လက်ရှိတွင် ပါတီ စည်းကမ်းထိန်းသိမ်းရေးအရ အရေးယူထားသည့် လွှတ်တော်ကိုယ်စားလှယ် (၄၅) ဦးခန့် ရှိပြီး ၄င်းတို့၏ သက်ဆိုင်ရာ မဲဆန္ဒရှင်များ၏ ထောက်ခံမှုအပေါ်တွင် မူတည်ကာ ကိုယ်စားလှယ်လောင်းအဖြစ် ဆက်ရွေးမည် ၊ မရွေးမည်ကို ပြန်လည်စဉ်းစားဖြစ်ကြောင်း သိရသည်။

လက်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်း ကော့မှူး မြို့နယ်မှ ပြည်သူ့လွှတ်တော်နေရာအတွက် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲအပြီး  NLD ပါတီ အာဏာရလာပြီးနောက် နိုင်ငံခြားရေးဝန်ကြီးနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးကို ရယူထားသည်။

သမ္မတ ဦးဝင်းမြင့်ကမူ ပြီးခဲ့သည့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ပုသိမ်မြို့နယ်မှ ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရခဲ့သည်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင်မူ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အဖြစ် တင်မြှောက်ခံရသည်။

ထို့နောက် ၂၀၁၈ ခုနှစ် မတ်လကုန်ပိုင်းတွင် ပြည်သူ့လွှတ်တေ်ာဥက္ကဋ္ဌအဖြစ်မှသည် သမ္မတအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly