မိုက်ကယ်ကျော်မြင့်ကို ဗိုလ်ကြီးဟောင်းနေမျိုးဇင်က အမှုဖွင့်

မိုက်ကယ်ကျော်မြင့်ကို ဗိုလ်ကြီးဟောင်းနေမျိုးဇင်က အမှုဖွင့်
ဧပြီ ၇ ရက်က ပြုလုပ်ခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးထောက်ခံဟောပြောပွဲမြင်ကွင်းများ။

ရန်ကုန်၊ ဇွန် ၉ ။     ။ ဝရမ်းပြေးအဖြစ် ကြေညာခံထားရသည့် မိုက်ကယ်ကျော်မြင့်ကို ထောင်အတွင်းမှ အမှုရင်ဆိုင်နေရသည့် ဗိုလ်ကြီးဟောင်းနေမျိုးဇင်က နိုင်လွတ်လုံ ဥပဒေပုဒ်မ (၁၀)ဖြင့် ဇွန် ၉ ရက်တွင် တောင်ဥက္ကလာပမြို့နယ်ရဲစခန်း၌ အမှုဖွင့်လိုက်သည်။ 

တောင်ဥက္ကလာပမြို့နယ်ရဲစခန်းမှ ( ပ)၈၄၁/ ၂၀၁၉ ဖြင့် ယနေ့ အမှုလက်ခံထားပြီဖြစ်ကြောင်း ဗိုလ်ကြီးဟောင်း နေမျိုးဇင်ဘက်မှ လိုက်ပါဆောင်ရွက်သူ ဦးမင်းမင်းထွန်းက မဇ္ဈိမသို့ အတည်ပြုပြောသည်။

ပြီးခဲ့သည့် ဧပြီ ၇ ရက်နေ့က ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ သုမင်္ဂလာပန်းခြံတွင် ပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးထောက်ခံဟောပြောပွဲတွင် လာရောက်ဟန့်တားမှုအတွက် အမှုဖွင့်ခြင်းဖြစ်သည်ဟု သိရသည်။

"ပြီးခဲ့တဲ့ ရုံးချိန်းက တိုင်စာ ယူလာတယ်။ ဒါပေမယ့် ရက်ကျော်သွားတော့ နောက်ရုံးချိန်းပြန်စောင့်ရတယ်။ အဲဒီရုံးချိန်းမှာတော့ ရဲမှူးရှေ့မှာပဲ ယူလာပြီး တောင်ဥက္ကလာစခန်းမှူးဆီ ဇွန် ၈ ရက်နေ့ အပ်ခဲ့တယ်။ ဒီနေ့ညနေ စခန်းက ခေါ်တွေ့ပြီး အမှုဖွင့် လက်ခံလိုက်တာပါ"ဟု ဦးမင်းမင်းထွန်းက ပြောသည်။

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုကို ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၁၀ ဖြင့် အမှုဖွင့်လိုက်ခြင်း ဖြစ်သည်။ 

မိုက်ကယ်ကျော်မြင့်သည် လက်ရှိတွင် မေ ၁၅ ရက်က တောင်ဒဂုံတွင် ဖြစ်ပွားခဲ့သည့်ဆူပူမှုကိစ္စနှင့်ပတ်သက်ပြီး ၅၀၅(က) ဖြင့် အမှုဖွင့်ထားသည်ကို ရှောင်တိမ်းနေသဖြင့် ဝရမ်းပြေးအဖြစ် တရားရုံးမှ သတ်မှတ်ထားသူဖြစ်ပြီး ဗိုလ်ကြီးဟောင်း နေမျိုးဇင်သည် တိုက်ကြီးမြို့တွင် ပြုလုပ်သည့် ဖွဲ့စည်းပုံပြင်ဆင်ရေး ဟောပြောချက်များနှင့် ပတ်သက်ပြီး တပ်မတော်က ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုခဲ့၍ အာမခံ မရသဖြင့် ထောင်အချုပ်နှင့် အမှုရင်ဆိုင်နေရသူ ဖြစ်သည်။

"တောင်ဥက္ကလာ ဟောပြောပွဲမှာ နောက်ယောင်ခံလိုက်ပြီး နှောက်ယှက်တဲ့အပေါ် အမှုဖွင့်တာပါ။ ဥပဒေအရ တရားစွဲတာပါ။ လူအများထင်နေတာက လူတစ်ယောက် အချုပ်ထဲရောက်နေရင် အမှုစွဲမရဘူး ထင်နေကြတာ။ အမှန်က စွဲလို့ရပါတယ်။ ပြစ်မှုကြောင်းဆိုတော့ ကိုယ်စားလှယ် လွှဲလို့မရတော့ တိုက်ကြီးတရားရုံးမှာ ရဲမှူးရှေ့မှာပဲ သူကိုယ်တိုင် လက်မှတ်ထိုးပေးတဲ့စာနဲ့ သူကိုယ်စား ကျွန်တော်တို့က အမှုဖွင့်ပေးတာပါ"ဟု အမှုဖွင့်ရာတွင် လိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဦးသိန်းနိုင်ထွန်းက ပြောသည်။

အမှုဖွင့်သူများဘက်က မိုက်ကယ်ကျော်မြင့်နှင့်အပေါင်းအပါ ၃၀ ဦးကို အမှုဖွင့်သော်လည်း ရဲတပ်ဖွဲ့မှ မိုက်ကယ်ကျော်မြင့်ကိုသာ အမှုဖွင့်ပေးသည်ဟု ဦးသိန်းနိုင်ထွန်းက ဆိုသည်။

အဆိုပါသတင်းနှင့်ပတ်သက်ပြီး တောင်ဥက္ကလာရဲစခန်း၏ မှတ်ချက်ကို ဇွန် ၉ ရက် ည ၁၀ နာရီခန့်အထိ မဇ္ဈိမမှ ထည့်သွင်းဖော်ပြနိုင်ခြင်း မရှိသေးသော်လည်း ဆက်သွယ်ပြီး ထပ်မံဖော်ပြမည် ဖြစ်သည်။

ဧပြီ ၇ ရက်နေ့က တောင်ဥက္ကလာတွင်  ပြုလုပ်ခဲ့သည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဟောပြောပွဲတွင် ဦးထင်လင်းဦးနှင့် ကိုနေမျိုးဇင်တို့ကို ဟောပြောခွင့်မပြုရန် အမျိုးဘာသာသာသနာအရေး ဆောင်ရွက်နေသည်ဆိုသူများက လာရောက်ကန့်ကွက်သဖြင့် ပဋိပက္ခအသွင် ဖြစ်ပေါ်ခဲ့ပြီး တာဝန်ရှိသူများက ထိန်းသိမ်းနိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly