နယ်သာလန်ကို အနိုင်ယူပြီး နေရှင်းလိဂ်ပြိုင်ပွဲမှာ ပထမဆုံး ချန်ပီယံအဖြစ် မှတ်တမ်းဝင်သွားတဲ့ ပေါ်တူဂီ

နယ်သာလန်ကို အနိုင်ယူပြီး နေရှင်းလိဂ်ပြိုင်ပွဲမှာ ပထမဆုံး ချန်ပီယံအဖြစ် မှတ်တမ်းဝင်သွားတဲ့ ပေါ်တူဂီ
Photos: EPA

ပေါ်တူဂီ ၁-၀ နယ်သာလန်

အိမ်ရှင် ပေါ်တူဂီတို့ဟာ နယ်သာလန်အသင်းကို အနိုင်ယူပြီး နေရှင်းလိဂ် (Nations League) ပြိုင်ပွဲရဲ့ ပထမဆုံးဗိုလ်စွဲနိုင်တဲ့အသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့သလို လာမယ့် ယူရို ၂၀၂၀ ခြေစစ်ပွဲကိုလည်း တိုက်ရိုက်ဝင်ခွင့်ရရှိသွားခဲ့ပါတယ်။

ပေါ်တူဂီအသင်းဟာ (၃)နှစ်အတွင်း သူတို့ရဲ့ ဒုတိယမြောက် ဆုဖလားကို ဆွတ်ခူးခဲ့တာလည်းဖြစ်ပါတယ်။

နည်းပြ ဖာနန်ဒိုဆန်းတို့စ်ရဲ့ အသင်းဟာ ဂန်ဂါလို ဂူဒက်စ်ရဲ့ ဒုတိယပိုင်း သွင်းဂိုးနဲ့ နယ်သာလန်အသင်းကို ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ပွဲကစားချိန် (၆၀)မိနစ်မှာ ဘာနန်ဒို ဆေးလ်ဗားက ဂိုးဧရိယာထဲ ဘောလုံးကို ဆွဲပေးပြီးမှ သူ့ရဲ့ပါးနပ်တဲ့ နောက်ပြန် ဖြတ်ပေးတာကို ဗလင်စီယာတောင်ပံကစားသမား ဂူဒက်စ်က ဂိုးစည်းထိပ်ကနေ အပြင်းကန်သွင်းယူခဲ့ပါတယ်။ ဒါပေမယ့် ဒတ်ချ်ဂိုးသမား ဆီလီဆန်က လှမ်းဖမ်းလိုက်ရာမှာ သူ့လက်နဲ့ထိခဲ့ပေမယ့် ဂိုးဝင်သွားတာကြောင့် စိတ်ပျက်ဖွယ်ရာဖြစ်ခဲ့ပါတယ်။

ဒီဂိုးကြောင့် ဂူဒက်စ်ဟာ ပေါ်တူဂီအသင်းအတွက် ကစားခဲ့တဲ့နောက်ဆုံး (၈)ပွဲမှာ (၃)ဂိုးသွင်း၊ (၂)ဂိုးဖန်တီးပေးပြီး (၅)ဂိုးအထိ ပါဝင်ပတ်သက်သူဖြစ်လာခဲ့ပါတယ်။

ဂိုးပေးလိုက်ရပြီးနောက်မှာ နယ်သာလန်က ဗန်ဒါဘိခ်၊ ပရိုမက်စ်တို့ကို အားဖြည့်ခဲ့ပြီး ပြန်လာနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ဒီပေးရဲ့ ပြင်းထန်တဲ့ ခေါင်းတိုက်ချက်ကို ပေါ်တူဂီဂိုးသမား ပတ်ထရီစီအိုက ကာကွယ်နိုင်ခဲ့သလို ကွင်းလယ်လူ မာတင်ဒီရွန်းရဲ့ ကန်သွင်းချက်ကလည်း ဂိုးဘားပေါ် ထောက်တက်ခဲ့ပါတယ်။

ဒါ့ကြောင့် နယ်သာလန်တို့ ပွဲချိန်မိနစ် (၉၀)ပြည့်တဲ့အထိ ချေပဂိုးမရဘဲ ပေါ်တူဂီကို အရေးနိမ့်ပြီး ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ဆီမီးဖိုင်နယ်မှာ နယ်သာလန်ကို အရေးနိမ့်ခဲ့တဲ့ အင်္ဂလန်အသင်းကတော့ ဆွစ်ဇာလန်ကို ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရပြီး ပြိုင်ပွဲရဲ့ တတိယနေရာနဲ့ ပြီးဆုံးခဲ့ပါတယ်။

ဆွစ်ဇာလန်နဲ့ပွဲမှာ ဟတ်ထရစ်သွင်းယူခဲ့တဲ့ စီရော်နယ်လ်ဒိုဟာ (၂၉)နှစ်တာ ကစားသမားဘဝမှာ နိုင်ငံအသင်းနဲ့အတူ ၂၀၁၆ ယူရိုဖလားနဲ့ နေရှင်းလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ကစားခဲ့တဲ့ ပြိုင်ပွဲတိုင်းရဲ့ ဗိုလ်လုပွဲအားလုံးကို အနိုင်ရခဲ့ပြီး ယခုနေရှင်းလိဂ်ဗိုလ်လုပွဲဟာ သူ့ရဲ့ (၁၁)ကြိမ်မြောက် ဗိုလ်လုပွဲ အနိုင်ရခြင်းလည်းဖြစ်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly