စီပွားရေးအရ ရွှေ့ပြောင်းအခြေချသူများကို နှင်ထုတ်မှု အီးယူက အရှိန်မြင့်လုပ်ဆောင်

စီပွားရေးအရ ရွှေ့ပြောင်းအခြေချသူများကို နှင်ထုတ်မှု အီးယူက အရှိန်မြင့်လုပ်ဆောင်

ဘရပ်ဆဲလ်၊ အောက်တိုဘာ ၈ ။           ။ စစ်ဘေးဒဏ်ကြောင့်ထက် စီးပွားရေးအရရွှေ့ပြောင်းအခြေချသူ ထောင်ပေါင်းများစွာကို ပြန်ပို့ရေး အရှိန်မြင့် လုပ်ဆောင်သွားမည်ဟု အီးယူ၏ ကြေညာချက် တစ်ခုတွင် ဖော်ပြထားသည်။

ဆယ်စုနှစ်များစွာအတွင်း ရွှေ့ပြောင်းအခြေချသူ အများစုဝင်ရောက်မှုနှင့် ရင်ဆိုင်နေရသော အီးယူနိုင်ငံများသည် အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် အာရှတို့မှ ဝင်ရောက်လာသည့် ရွှေ့ပြောင်းသူ အရေအတွက် လျှော့ချရေး ဆွေးနွေးနေသည်မှာ လပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည်။ အီးယူနိုင်ငံများသည် ဆီးရီးယားနှင့် အီးရစ်ထရီးယားကဲ့သို့ ပဋိပက္ခနှင့် အကြမ်းဖက်မှုများကြောင့် ထွက်ပြေး လာသော ဒုက္ခသည်များကို ခိုလှုံခွင့်ပေးရန် သဘောတူထားကြသည်။ သို့သော်လည်း စစ်ပွဲများကြောင့်မဟုတ်ဘဲ ဆင်းရဲမွဲတေမှုကြောင့် ထွက်ပြေးလာသူများ ဝင်လာမှုကိုမူ ပြသနာတစ်ခုအဖြစ် ကိုင်တွယ်ရန် ဆန္ဒရှိနေသည်။

စီးပွားရေးအရ ရွှေ့ပြောင်းအခြေချသူများကို နှိမ်နင်းရာတွင် ကြိုးပမ်းမှုအသစ်တစ်ခုတွင် ရွှေ့ပြောင်းအခြေချသူများဆိုင်ရာ တာဝန်ရှိသူဝန်ကြီးများသည် တရားမဝင်ရွှေ့ပြောင်းမှုအား တားဆီးမည့် အရေးယူဆောင်ရွက်မှုများ သဘောတူညီချက်ရရှိရန် လူဇင်ဘတ်တွင် အောက်တိုဘာ ၈ တွင်တွေ့ဆုံဆွေးနွေးသည်။ စီးပွားရေးအရရွှေ့ပြောင်းလာသူများ ပြန်ပို့ရေးကို တိုးမြင့်လုပ်ဆောင်ရန်လည်း စည်းဝေးပွဲ မူကြမ်းသုံးသပ်ချက်တွင် ဖော်ပြထားသည်။

ယခုအချိန်အထိ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၄၀ရာခိုင်နှုန်းအောက်ပမာဏကို အီးယူနိုင်ငံများက ပြန်ပို့ခဲ့သည်ဟု အီးယူကော်မရှင်၏ အချက်အလက်များတွင် ဖော်ပြထားသည်။ ခိုလှုံခွင့်လျှောက်လွှာများ ပယ်ချခံထားရသည့် လူထောင်ရာပေါင်းများစွာမှာ နှစ်စဉ်ဥရောပတွင်ရှိနေသေးသည်။ သို့မဟုတ် ၎င်းတို့၏ ဗီဇာများ သက်တမ်းကုန်သော်လည်း အိမ်မပြန်သူ ရာပေါင်းများစွာရှိသည်။

တရားဝင်အရေးယူဆောင်ရွက်မှု၏ နောက်ဆုံးကြိုးပမ်းမှုအဖြစ် ဖမ်းဆီးထိန်းသိမ်းရန် မူကြမ်းက ထောက်ခံထားပြီး တရားမဝင်ရွှေ့ပြောင်းသူများအား ပြန်မပို့မီ ပျောက်မသွားရေး ထိန်းသိမ်းထားနိုင်သည့် ပမာဏကို တိုးချဲ့ရန်လည်း အီးယူနိုင်ငံများကို တိုက်တွန်းထားသည်။ နိုင်ငံသားများကို ပြန်လက်ခံသည့် အာဖရိက သို့မဟုတ် အာရှနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေး ယင်းနိုင်ငံများသို့ အကူအညီများပေးရန် အီးယူဝန်ကြီးများက ဆန္ဒရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly