မကွေးတိုင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း တက်လာ

မကွေးတိုင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း တက်လာ

မကွေး၊ ဇွန် ၈ ။             ။ မကွေးတိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ၈ သောင်းကျော်အနက် ဓာတု၊ ရူပ၊ ဘောဂ အတွဲ၌ တစ်နိုင်ငံလုံး ပထမရသူအပါအဝင် ၂၇၀၉၈ ဦးသာ အောင်မြင်ခဲ့သော်လည်း ယမန်နှစ်ကထက် အောင်ချက်တက်လာကြောင်း မကွေးတိုင်းဒေသကြီး၊ အခြေခံပညာဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါ်ခင်သန်းဦးက ပြောသည်။

“ ဒီနှစ် မကွေးတိုင်းဒေသကြီးအတွင်းမှာ စာစစ်ဌာန (၁၇၈)ခု ရှိပါတယ်။ မနှစ်က တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုသူ ၇၇၂၂၁ ယောက် မှာ အောင်မြင်သူ ၂၄၄၉၀ ယောက် အောင်မြင်ခဲ့ပါတယ်။ အောင်ချက်ရာခိုင်နှုန်းက  ၃၁.၇၁ ရာခိုင်နှုန်း ရှိခဲ့တယ်။ ဒီနှစ်က တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ၈၃၉၂၂ ဦးမှာ အောင်မြင်သူ ၂၇၀၉၈ ဦး ရှိခဲ့ကြောင်းသိရပြီး အောင်ချက်ရာခိုင်နှုန်းမှာ ၃၂.၂၉ ရာခိုင်နှုန်း အောင်မြင်တဲ့အတွက် မနှစ်ကထက်(ဒဿ မ ၅၈) ရာခိုင်နှုန်း တက်လာပါတယ်” ဟု တိုင်းဦးစီးမှူး ဒေါ်ခင်သန်းဦးက ပြောသည်။

ယခုနှစ် အောင်ချက်ရာခိုင်နှုန်း ၃၂.၂၉ ရာခိုင်နှုန်း ရှိပြီး တိုင်းအတွင်း တစ်ဘာသာဂုဏ်ထူးရှင် ၂၈၅၁ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၅၃၄ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၂၅၉ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၉၂ ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် ၄၈ ဦး၊ ခြောက်ဘာသာဂုဏ်ထူးရှင် ၃၁ ဦး ရှိကြောင်း မကွေးတိုင်းဒေသကြီး အခြေခံပညာဦးစီးဌာနရုံးမှ သိရသည်။

“ ဓာတု၊ ရူပ၊ ဘောဂဆိုတဲ့အတွဲ(၁)ခေါ်တဲ့အတွဲမှာ မကွေးတိုင်းဒေသကြီးကနေ ဆိပ်ဖြူမြို့နယ်၊ ကောင်းချွန် ကိုယ်ပိုင်ကျောင်းက မောင်မင်းပြည့်ပြည့်ဦးက တစ်နိုင်ငံလုံးမှာ ပထမ ရပါတယ် ။ ဘာသာစုံဂုဏ်ထူးနဲ့ပါ။ နောက်တစ်ယောက်က အထက(ကျောက်ထု)ဆောမြို့နယ်က မောင်ဇော်မင်းဟိန်းက သမိုင်း၊ ပထဝီ၊ ဘောဂ အတွဲ(၂)မှာ တစ်နိုင်ငံလုံးအနေနဲ့ အဆင့်(၄) ဝင်ပါတယ်။ နောက်တစ်ယောက်က အထက(၃)ရုံးရှိ ဂန့်ဂေါ မြို့နယ်က မသီတာကိုက တစ်နိုင်ငံလုံး ပဥၥမ ဝင်ပါတယ်” ဟု ၎င်းက ဆက်၍ ပြောသည်။မကွေးတိုင်းဒေသကြီးအတွင်း ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွင် မင်းတုန်း၊ ချောက်၊ ရေနံချောင်း၊ မြို့သစ်၊ စလင်း စသည့်မြို့နယ်များမှ သုညရာခိုင်နှုန်းကျောင်း (၉)ကျောင်း ရှိခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required