ပြည်တွင်းစျေးကွက်ကို ရည်ရွယ်ပြီး ကျောက်မျက်အတွဲများကို ကျပ်ငွေဖြင့် ရောင်းချပေးနေ

ပြည်တွင်းစျေးကွက်ကို ရည်ရွယ်ပြီး ကျောက်မျက်အတွဲများကို ကျပ်ငွေဖြင့် ရောင်းချပေးနေ
ဓာတ်ပုံ- အောင်မြတ်သူ

နေပြည်တော် ၊ ဇွန် ၈ ရက် ။                  ။ ဇွန် ၈ ရက်မှ စတင်ကာ ရောင်းချနေသည့် နေပြည်တော်ကျောက်မျက်ရတနာရောင်းချပွဲတွင် ပြည်တွင်းစျေးကွက်ကို အဓိက ရည်ရွယ်ကာ  မြန်မာကျပ်ငွေဖြင့် ရောင်းချပေးနေသည်ဟု မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးသန်းဇော်ဦးက ပြောသည်။

“ပြည်တွင်းကုန်သည်ငယ်လေးတွေရဲ့ ကုန်ကြမ်းရရှိရေး ၊ လုပ်ငန်းရှင်တွေရဲ့ ဝင်ငွေရရှိရေး ပေါ့။ ကျောက် ဆိုတာက အမျိုးအစား အမျိုးမျိုး ရှိတဲ့အခါမှာ အခုက ကျပ်ငွေနဲ့ ရောင်းချပွဲက သာမာန်အားဖြင့်တော့ ပုတီးလက်ကောက်ရတဲ့  ကျောက်အမျိုးအစားကို အများစု ရောင်းတာပေါ့ ”ဟု ၎င်းက ပြောသည်။

ကျောက်စိမ်းနှင့် ကျောက်မျက်အတွဲများ ပါဝင်သော ယင်းကျောက်မျက်ရတနာရောင်းချပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဇွန်လ ၈ နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်ရောင်းချနေပြီး ၆ ရက်ကြာ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

ပုတီး၊ လက်ကောက် အစရှိသည့် အသေးစား လက်ဝတ်ရတနာများကိုသာ ပြုလုပ်နိုင်သောကျောက်များကို အများစု တူးဖော်ရရှိသည့်အတွက် ယင်းကျောက်များကို ရောင်းချခွင့်ရရှိစေရန် ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း သိရပြီး မြန်မာကျပ်ငွေဖြင့် ရောင်းချသည့်ပွဲဖြစ်ခြင်းကြောင့် နိုင်ငံခြားကုန်သည်များကို ဝင်ရောက်ခွင့် မပေးကြောင်း သိရသည်။

“ တကယ်တူးဖော်ထုတ်လုပ်ရတာလည်း ဒီကျောက်အမျိုးအစားတွေက အများကြီးရတယ်။ အများကြီး ရတာဖြစ်တဲ့အတွက် ဒီ့ထက်ပိုပြီးတော့မှ အဆင်ပြေတဲ့ စျေးကွက်ဖြစ်နိုင်တဲ့ကျောက်တွေကို ဒီလိုပွဲမှာ ရောင်းလိုက်ပြီးတော့မှ အများဆုံးဖြစ်တဲ့ ဒီလိုကျောက်တွေကိုတော့ ကျပ်ငွေပွဲမှာ ရောင်းပေးတယ်။ ပြည်တွင်းစျေးကွက်လေးမှာ  တပိုင်တနိုင်လက်ဝတ်ရတနာလေးတွေ၊ အမှတ်တရပစ္စည်းလေးတွေ အများကြီး လုပ်ယူလို့ရတယ်။ အဲဒါလေးတွေအတွက် ရောင်းပေးတဲ့ပွဲ ဖြစ်တယ်”ဟု ဦးသန်းဇော်ဦးက ပြောသည်။

ကျောက်မျက်ရတနာပွဲအများစုကို နိုင်ငံခြားငွေဖြင့်သာ အများဆုံး ရောင်းချခြင်းဖြစ်ပြီး ယခု ကျပ်ငွေပွဲတွင် ပြည်တွင်းစျေးကွက်အတွက်ရည်ရွယ်သည့် ပုတီး၊ လက်ကောက် ပစ္စည်းများ ထုတ်နိုင်သော ကျောက် အမျိုးအစား အများစုသာ ပါဝင်နေသည်။

လက်ရှိတွင် ကျောက်စိမ်းများကို တရားမဝင် ရောင်းဝယ်ဖောက်ကားခြင်းကို မပြုလုပ်နိုင်စေရန် မန္တလေး၊ မြစ်ကြီးနားကဲ့သို့ မြို့များနှင့် ပြည်နယ်များတွင်လည်း ယူရိုငွေ (သို့မဟုတ်) မြန်မာကျပ်ငွေဖြင့် ရောင်းချနိုင်မည့် ပွဲများကို ပြုလုပ်သွားရန် စီစဉ်လျက်ရှိနေသည်ဟု မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလဗိုင်ခွန်ဆာထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လအတွင်းက နေပြည်တော်၌ ပြုလုပ်ခဲ့သည့် ၅၅ ကြိမ်မြောက် ရတနာပြပွဲတွင် ပုလဲ၊ ကျောက်မျက်၊ ကျောက်စိမ်းတွဲများမှ ရောင်းချရရှိငွေ စုစုပေါင်း ယူရိုငွေ ၄၂၇.၀၉၅သန်း ရရှိခဲ့ပြီး ပြည်တွင်းပြည်ပရတနာကုန်သည်များ၊ ကုမ္ပဏီများ လာရောက်ဝယ်ယူခဲ့ကြခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly