ဓနုဖြူမြို့နယ်တွင် ကျောင်းဆောက်လုပ်မှု အရည်အသွေး စံနှုန်းမမီကြောင်း စစ်ဆေးတွေ့ရှိ

ဓနုဖြူမြို့နယ်တွင် ကျောင်းဆောက်လုပ်မှု အရည်အသွေး စံနှုန်းမမီကြောင်း စစ်ဆေးတွေ့ရှိ

ပုသိမ်၊ ဇွန် ၈ ။                ။ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ဓနုဖြူမြို့နယ်အတွင်း ကျောင်းဆောက်လုပ်မှု အရည်အသွေး စံနှုန်းမမီကြောင်း တွေ့ရှိခဲ့ရသည်ဟု ဧရာဝတီတိုင်းဒေသကြီး၊ ပညာရေးမှူးရုံး ဦးစီးအရာရှိ ဦးတိုးလွင်က ပြောသည်။

“ အရည်အသွေး စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးခဲ့တဲ့အခါမှာ လူထုရှေ့ဆောင်ကုမ္ပဏီက ၁၀ ကျောင်း ဆောက်လုပ်တဲ့အခါမှာ ၇ ကျောင်းက သတ်မှတ်ထားတဲ့အရည်အသွေးတွေကို ပြည့်မီအောင် ဆောက်လုပ်ခြင်း မရှိဘူး။ သတ်မှတ်ထားတဲ့ဒီဇိုင်းတွေဆိုလည်း အများကြီးလျော့ပြီး ဆောက်လုပ်ထားတာကို တွေ့ရှိရပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး၊ ပညာရေးမှူးရုံး ဦးစီးအရာရှိ ဦးတိုးလွင်က ပြောသည်။

ဇွန် ၅ ရက်က ဓနုဖြူမြို့နယ်တွင် ကျောင်းတင်ဒါအောင်မြင်သည့် လူထုရှေ့ဆောင်ကုမ္ပဏီမှ ဆောက်လုပ်ထား သည့် ကျောင်းများနှင့်ပတ်သက်ပြီး အရည်အသွေး စံနှုန်းမမီမှုနှင့် ပတ်သက်၍ တိုင်းပညာရေးမှူးရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ယင်းကုမ္ပဏီ တည်ဆောက်ထားမှုတွင် Q.C ( အရည်အသွေး စစ်ဆေးမှု) စစ်ဆေးမှုတွင် ဖောင်ဒေးရှင်း တည်ဆောက်မှု လွဲချော်ခြင်း၊ သံချောင်းများအသုံးပြုရာတွင် သတ်မှတ်သည့်ဆိုဒ်အတိုင်း မသုံးခြင်းများ စသည့် ကွဲလွဲချက်များ တွေ့ရှိရကြောင်း သိရသည်။

“ သူသည် ကျွန်တော်တို့ သတ်မှတ်ထားတဲ့ဒီဇိုင်းတွေအတိုင်း မဆောင်ရွက်ထားဘူး။ အရည်အသွေးကိုလည်း သတ်မှတ်ထားတဲ့အရည်အသွေးအတိုင်း မဆောင်ရွက်ထားလို့ အရေးယူမှု တစ်ခုခုတော့ လုပ်ဖို့ ရှိတယ်။ ကုမ္ပဏီက ပြန်လုပ်ပေးမယ်ဆိုရင်တောင် သေချာကြပ်မတ်ပြီး ဝန်ခံကတိထိုးတာတို့၊ ကုမ္ပဏီကို မှတ်တမ်း တင်ထားတဲ့ကိစ္စမျိုး ဆောင်ရွက်ထားဖို့ ရှိတယ်”ဟု ဦးစီးအရာရှိ ဦးတိုးဝင်းက  ပြောသည်။

စာချုပ်ပါ စည်းကမ်းများအရ  သတ်မှတ်အရည်အသွေး မပြည့်မီပါက လုပ်ငန်းရပ်ဆိုင်းပြီး ယင်း ကုမ္ပဏီအား နာမည်ပျက်စာရင်းသွင်းကာ ဆောက်လုပ်ခွင့်အတွက် တင်ထားသည့်ငွေကြေးအား သိမ်းဆည်းမည်ဟု သိရသည်။

တရားစွဲဆိုမှုများ ပြုလုပ်သွားမည်ဖြစ်ကာ ကျောင်းဆောက်လုပ်ငန်းများအား အခြားကုမ္ပဏီတစ်ခုကို အစားထိုးလုပ်ကိုင်စေမည်ဟု သိရသည်။

"အခုကာလမှာ ခိုလို့လည်းမရဘူး။ တန်ရာတန်ကြေး ပေးခဲ့တယ်။ တန်ရာကြေးနဲ့ တင်ဒါ ခေါ်ခဲ့တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ကလေးတွေအတွက် တန်ရာတန်ကြေးကွာလတီရှိတဲ့ အတိုင်းအတာနဲ့ ပစ္စည်း လိုချင်ပါတယ်”ဟု တိုင်းပညာရေးမှူးရုံးမှ စီမံဌာနညွန်ကြားရေးမှူး ဦးဆန်းမြင့်ဦးက ပြောသည်။

၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးတွင် ကျောင်းပေါင်း ၆၀၀ ကျော် တည်ဆောက်ခွင့်အား ကုမ္ပဏီ ၁၃၉ ခုက တင်ဒါအောင်မြင်ဆောက်လုပ်ခွင့်ရထားခြင်းဖြစ်ပြီး၊ ယခုနှစ်တွင် ကျောင်းဆောက်လုပ်မှုများ အား ယခုနှစ်တွင် အရည်အသွေး စိစစ်ဆေးရေးကုမ္ပဏီ ၉ ခုအား ငှားရမ်းပြီး အရည်အသွေးနှင့်စံနှုန်းများအား စစ်ဆေးမှုများပြုလုပ်နေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လဆန်းက ဟင်္သာတခရိုင်အတွင်းရှိ ကျောင်းများတွင် အသုံးပြုရန် ကျောင်းခုံနိမ့် အစုံ ၉၀၀ နှင့် ၄ ယောက်တွဲ ခုံမြင့်ရှည် ၉၈၀ ခုံ ကို ဆန်းသစ်ထွန်းကုမ္ပဏီမှ တာဝန်ယူလုပ်ကိုင်ခဲ့ရာ လေးမျက်နှာမြို့နယ်ရှိ ကျောင်းများသို့ ပို့သောစာသင်ခုံများ စံချိန်းစံနှုန်း မမီကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

ဟင်္သာတခရိုင်အတွင်းရှိ လေးမျက်နှာမြို့နယ်ရှိ စာသင်ခုံအပါအဝင် မြန်အောင်မြို့နယ် ကျောင်းစာသင်ခုံများပါ အရည်အသွေးမမီမှုများ ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required