အင်းစိန်အကျဉ်းထောင်မှ တက္ကသိုလ်ဝင်တန်း အောင်မြင်သူ ၇၁ ရာခိုင်နှုန်းကျော်ရှိ

အင်းစိန်အကျဉ်းထောင်မှ တက္ကသိုလ်ဝင်တန်း အောင်မြင်သူ ၇၁ ရာခိုင်နှုန်းကျော်ရှိ
ဓာတ်ပုံ - သူရ (မဇ္စျိမ)

ရန်ကုန်၊ ဇွန် ၈ ။            ။ အင်းစိန်ဗဟိုအကျဉ်းထောင် စာစစ်ဌာနတွင် ၂၀၁၉  ခုနှစ်ပညာသင်နှစ်အတွက် ဖြေဆိုသူ ၇၃ဦး ရှိသည့် အနက် ၅၂ ဦးအောင်မြင်ကာ အောင်ချက်ရာ ခိုင်နှုန်းမှာ ၇၁ ရာခိုင်နှုန်းကျော်ရှိကြောင်း ထောင်မှူးကြီး ဦးဇော်ဇော်ကမဇ္စျိမသို့ပြောသည်။

အောင်မြင်သူ ၅၂ ဦးထဲတွင် ၃ ဘာသာဂုဏ်ထူးရှင် ၄ ဦး၊ ၂ဘာသာဂုဏ်ထူးရှင် ၁၃ဦး၊ ၁ ဘာသာ ဂုဏ်ထူးရှင် ၁၀ ဦး တို့လည်းပါဝင်ကြောင်း ၎င်းကဆိုသည်။
“ကိုယ်တို့ကတော့ ဆက်တင်ပြပေးမှာပေါ့နော်။ (ပြစ်ဒဏ်) လျော့တာမလျော့တာကတော့ သမ္မတကြီး ရဲ့အပိုင်းပေါ့နော်။ ကိုယ်တို့ကတော့ ဆက်တင် ပြပေးမှာပါ” ဟု အင်းစိန်ထောင်မှူးကြီး ဦးဇော်ဇော်က ပြောသည်။

အင်းစိန်ထောင်တွင် ၂၀၁၈ ခုနှစ်က တက္ကသိုလ်ဝင်စာမေးပွဲကို ၄၃ ဦးဝင်ရောက်ဖြေဆိုခဲ့ပြီး ၁၉ ဦးသာ အောင်မြင်ခဲ့သဖြင့် အောင်ချက် ၅၅.၅ ရာခိုင်နှုန်းသာရှိခဲ့သော်လည်း ယခုနှစ်တွင် ဖြေဆိုသူ ၇၃ ဦး အနက် ၅၂ ဦး အောင်မြင်သောကြောင့်  ၇၁.၂၆ ရာခိုင်နှုန်း အထိ အောင်ချက် တိုးလာခြင်း လည်း ဖြစ်သည်။

အလားတူ ယခုနှစ် ၂၀၁၉ ပညာသင်နှစ်တွင် အကျဉ်းထောင် ၉ ခုမှ အကျဉ်းထောင် စာစစ်ဌာနခွဲ များတွင် ပြစ်မှုအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား/အကျဉ်းသူ ၁၇၁ ဦးဝင်ရောက် ဖြေဆိုခဲ့ကြောင်းလည်း သိရသည်။

ထူးခြားချက်အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသည့် အကျဉ်းသား ၁၇၁ဦး တွင် အချုပ်သား ၇ ဦးပါဝင်ကြောင်း အကျဉ်းဦးစီးဌာနမှသိရသည်။

အဆိုပါအချုပ်သားများမှာ တက္ကသိုလ်ဝင်ခွင့်အား ဖြေဆိုခွင့်လျှောက်ထားနေချိန်တွင် အမှုဖြစ်ပွား သဖြင့် အကျဉ်းထောင်များ၌ ချုပ်နှောင်ခြင်းခံရပြီး သက်ဆိုင်ရာ တရားရုံးတွင် အမှုရင်ဆိုင်လျက် ရှိသူများ ဖြစ်သော်လည်း အကျဉ်းထောင် အတွင်း၌ ဖြေဆိုခွင့်ရရှိရေး သက်ဆိုင်ရာ ပညာရေးဝန်ကြီး ဌာနနှင့် ညှိနှိုင်းပြီး ဖြေဆိုခွင့်ပြုခဲ့ခြင်းဟု လည်းသိရသည်။

၂၀၁၉ ခုနှစ်တွင် အင်းစိန်ဗဟိုအကျဉ်းထောင်၊ မန္တလေးဗဟိုအကျဉ်းထောင်၊ လွိုင်ကော် အကျဉ်း ထောင်၊ ဘားအံအကျဉ်းထောင်၊ တောင်ငူအကျဉ်းထောင် ၊  မြိတ်အကျဉ်းထောင်၊ ကသာအကျဉ်း ထောင်၊ သရက်အကျဉ်းထောင်၊ မုံရွာအကျဉ်းထောင်   စုစုပေါင်း အကျဉ်းထောင် ၉ ခုမှ   ၁၇၁ဦး ဝင်ရောက်ဖြေဆိုခဲ့ခြင်းဖြစ်သည်။                

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required