ဇင်ဘာဘွေတွင် ဆိုက်ယာနိုက်အဆိပ်သင့်၍ ဆင်၁၄ကောင် သေဆုံး

ဇင်ဘာဘွေတွင် ဆိုက်ယာနိုက်အဆိပ်သင့်၍ ဆင်၁၄ကောင် သေဆုံး

နိုင်ရိုဘီ၊ ကင်ညာ၊ အောက်တိုဘာ-၈ ။             ။ နိုင်ငံတကာ အသိုင်းအဝိုင်းကို ဒေါသထွက်စေခဲ့သည့် ဇူလိုင်လက အမေရိကန်သွားဆရာဝန်က ခြင်္သေ့စီစီကို သတ်ဖြတ်ခဲ့ရာ ဟွမ်ဂျီ အမျိုးသား ဥယျာင်တွင် ဆင် ၁၁ကောင်မှာ ဆိုက်ယာနိုက် အဆိပ်သင့်ခဲ့ကြောင်း ဇင်ဘာဘွေ အမျိုးသားဥယျာဉ် အာဏာပိုင်များက အတည်ပြုခဲ့သည်။

ဇင်ဘာဘွေ အနောက်ပိုင်းမှ မာတူဆာဒိုနာ အမျိုးသားဥယျာဉ်တွင်လည်း အခြားဆင်၃ကောင်မှာ အဆိပ်သင့်နေကြောင်း တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

အဆိုပါ အဆိပ်သင့်မှုတွင် သံသယရှိသူ ၅ဦးကို ဖမ်းဆီးခဲ့သည်ဟု ဇင်ဘာဘွေ ဥယျာဉ်နှင့် သဘာဝအရိုင်း စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့နှင့် ရဲတပ်ဖွဲ့တို့က စီအင်အင်သို့ ပြောကြားခဲ့သည်။

အမျိုးသားဉာယျာဉ်များရုံးမှ သတင်းရင်းမြစ်၏ ပြောကြားချက်အရ မာတူဆာဒိုအာမှ ဆင်များမှာ ရည်ရွယ်ချက်ရှိရှိ အဆိပ်ခတ်ခံရခြင်းဖြစ်ပြီး ဆိုက်ယာနိုက်လိမ်းကြံထားသည့် လိမ္မော်ခွံများကို စားမိရာမှ အဆိပ်သင့်သွားခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။ ဟွမ်ဂျီမှ ဆင်များမှာမူ ဆိုက်ယာနိုက်ခတ်ထားသည့် ဆားများကို လျက်မိရာမှ အဆိပ်သင့်သွားခြင်းဖြစ်သည်။

ဆင်လေးကောင်ကို အစွယ်များ အဖြတ်ခံလျှက်သားနှင့် တွေ့ရပြီး အခြားဆင်များကိုမူ နဂိုအတိုင်း အစွယ်များနှင့် တွေ့ကြရရာ အစွယ်များကို မဖြတ်တောက်မီ တောခေါင်းများက ဆင်ခိုးပစ်သူများကို ဟန့်တားနိုင်ခဲ့ပုံပေါ်သည်ဟု ဥယျာဉ်များရုံးအဖွဲ့က ပြောကြားခဲ့သည်။

ခိုးအဖမ်းခံရသည့် ဆင်နှစ်ကောင်သုံးကောင်ခန့်မှာ အစွယ်မထွက်နိုင်လောက်အောင် ငယ်လွန်းသေးပြီး အငယ်ဆုံးမှာ သုံးလခန့်မျှသာ ရှိသေးသည်ဟု ဥယျာဉ်များရုံးက ပြောကြားခဲ့သည်။

‘ဒီလိုသေရတာ ကြောက်စရာကောင်းလွန်းလှပါတယ်’’ဟု ဝါရင့်အာဖရိကန်လမ်းညွှန် ကာရဲ ဗာဟိုးက စီအင်အင်သို့ ပြောကြားခဲ့သည်။ ဆိုက်ယာနိုက်အဆိပ်က အသက်ရှူလမ်းကြောင်းကို ထိခိုက်သောကြောင့် ဆင်များမှာ နောက်ဆုံးတွင် အသက်ရှူကျပ်၍ သေဆုံးကြရသည်ဟု ဆိုသည်။

‘တကယ်လို့ ဆားတွေထဲကို အဆိပ်ခတ်ထားရင် အခြားတိရစ္ဆာန်တွေလည်း သေမှာဆိုတော့ ဥယျာဉ်ရဲ့ ဂေဟစနစ်တစ်ခုလုံးကို ထိခိုက်မှာပါ’’ဟုလည်း ၎င်းက ပြောကြားသည်။

ဆိုက်ယာနိုက်အဆိပ်ခတ်ထားသည့် နေရာတွင် လင်းတများနှင့် ဒရယ်များ သေဆုံးနေသည်ကိုလည်း တွေ့ရှိကြရသည်ဟု ဥယျာဉ်များရုံးက ပြောကြားခဲ့သည်။

ဆင်ခိုးဖမ်းသူများက ဆိုက်ယာနိုက်အဆိပ်ကို အသုံးပြုသည်မှာ ဤအကြိမ်သည် ပထမဆုံးတော့မဟုတ်ပါ။ ၂၀၁၃ခုနှစ်က ဟွမ်ဂျီအမျိုးသားဥယျာဉ်တွင် ဖြစ်ရပ်တစ်ခုတည်းမှာပင် ဆင်အကောင်ရေ ၃၀၀နီးပါး အဆိပ်ခတ်ခံရပြီး ထိုဆင်အသေများက ကမ္ဘာနှင့်အဝန်း ဆင်စွယ်မှောင်ခိုဈေးကွက်၏ ဝယ်လိုအားကို ဖြည့်ဆည်းပေးနေခဲ့ခြင်းပင် ဖြစ်သည်။

သတ္တုတွင်းအမြောက်အများရှိသည့် ဇင်ဘာဘွေနိုင်ငံတွင် ဆိုက်ယာနိုက်ကို အလွယ်တကူရနိုင်ရာ သေနတ်သံများက ဥယျာဉ်အာဏာပိုင်များကို လက်ယပ်ခေါ်သလိုဖြစ်နေပြီး ဆိုက်ယာနိုက်မှာမူ တိတ်တိတ်ဆိတ်ဆိတ်နှင့် ကိစ္စပြီးနိုင်သောကြောင့် ဆင်ခိုးဖမ်းသူများက ဆိုက်ယာနိုက်ကို ပိုမိုကြိုက်နှစ်သက်ကြသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူများက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly