တောမီးများငြိမ်းသတ်ရေး စင်ကာပူ၊ ရုရှား၊ မလေးရှားနှင့် ဂျပန်ကို အင်ဒိုနီးနီးရှား အကူအညီတောင်း

တောမီးများငြိမ်းသတ်ရေး စင်ကာပူ၊ ရုရှား၊ မလေးရှားနှင့် ဂျပန်ကို အင်ဒိုနီးနီးရှား အကူအညီတောင်း

ဂျာကာတာ၊ အောက်တိုဘာ ၈။         ။ သီတင်းပတ်များစွာ ကြာသည်အထိ ဒေသတွင်းတစ်ဝိုက် မီးခိုးများလွင့်မျော ပိတ်ဖုံးစေသော တောမီးများကို ငြိမ်းသတ်ရန် စင်ကာပူ၊ ရုရှား၊ မလေးရှားနှင့် ဂျပန်နိုင်ငံများကို အင်ဒိုနီးရှားသမ္မတက အောက်တိုဘာ ၈ တွင် အကူအညီတောင်းခဲ့သည်။

မီးခိုးများပြသနာဖြေရှင်းရန် ပြည်ပက အကူအညီများကမ်းလှမ်းမှုကို အင်ဒိုနီးရှားက အကြိမ်ကြိမ်ပယ်ချဖူးသည်။ ယင်းသို့ပယ်ချရခြင်း၏ အဓိကအကြောင်းရင်းမှာ ဆူမားတြားကျွန်းနှင့်   ဘော်နီယိုကျွန်းများပေါ်တွင် ဆီအုန်းများစိုက်ပျိုးရန်နှင့် သစ်ပျော့ဖတ်စိုက်ခင်းများအတွက် မြေနေရာရှင်းရန် ကုမ္ပဏီများက မီးရှို့လေ့ရှိသောကြောင့် ဖြစ်သည်။ "ကျွန်တော်တို့ အကူအညီတောင်းထားပါတယ်။ စင်ကာပူဆီကတော့ အကူအညီရရှိနေပါပြီ" ဟု ဂျိုကိုဝီဒိုဒိုက ကက်ဘိနက်အတွင်းဝန်၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားသည့် ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။ ထို့အပြင် ရုရှား၊ မလေးရှားနှင့် ဂျပန်နိုင်ငံတို့ထံမှ အကူအညီရလိုသည်ဟုလည်း ၎င်းကပြောကြားသည်။

"သစ်ဆွေးမြေတောမီးက ပုံမှန်တောမီးတွေနဲ့ မတူတဲ့အတွက် ဒီလုပ်ငန်းစဉ်ကို အရှိန်မြင့်ဆောင်ရွက်ရလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်"ဟု ဝီဒိုဒိုက ဆိုသည်။ စင်ကာပူထံမှ မည်သည့်အကူအညီရသည်ကို ၎င်းက မပြောကြားခဲ့သော်လည်း စင်ကာပူနှင့် ရုရှားထံမှ အနည်းဆုံးလေယာဉ်သုံးစင်းရရန်ကြိုးစားနေသည်ဟု ၎င်းကဆိုသည်။ "အခု ကျွန်တော်တို့လိုအပ်နေတာက   ရေတဆန်ချိန် ၁၂တန်ကနေ ၁၅တန်အထိသယ်နိုင်တဲ့ လေယာဉ်တွေဖြစ်ပါတယ်။ အခုကျွန်တော်တို့မှာရှိနေတဲ့ ၂တန်၃တန်လောက်သယ်နိုင်တဲ့   လေယာဉ်တွေ မဟုတ်ပါဘူး"ဟု ၎င်းကပြောသည်။

စိုက်ခင်းများအတွက် အပင်များကိုရှင်းလင်းရန် မီးရှို့လေ့ရှိသော်လည်း မြေကြီးအောက်သစ်ဆွေးများကို သီတင်းပတ်များစွာကြာသည်အထိ တငွေ့ငွေ့လောင်ကျွမ်းလေ့ရှိသည်။

ယင်းသို့လောင်ကျွမ်းရာမှ ထွက်လာသည့်မီးခိုးများက အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနှင့် ထိုင်းတောင်ပိုင်းတို့တွင် လေထုညစ်ညမ်းမှုမှာ အန္တရာယ်ရှိသည့် အဆင့်သို့ရောက်ရှိနေပြီး လေကြောင်းခရီးစဉ်များဖျက်သိမ်းရသည့်အပြင် ကျောင်းများပင်ပိတ်ရသည်အထိ ဆိုးဝါးသောရက်များရှိနေသည်။

ခရီးသွားလုပ်ငန်းရှင်များက စိုးရိမ်နေသကဲ့သို့ ပြည်သူများအနေဖြင့် မီးခိုးများထူထပ်နေချိန် နေအိမ်ပြင်ပ လေ့ကျင့်ခန်းလုပ်ခြင်းအား ရှောင်ရှားကြရန် ဒေသတွင်းရှိ ကျန်းမာရေးအာဏာပိုင်များက သတိပေးလျက်ရှိသည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly