ဇွန် ၇ ။ ။ ၃၁ ကြိမ်မြောက် Diner en Blanc အစဉ်အလာ အဖြူရောင်ဝတ် ညစာစားပွဲကို ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ဇွန်လ ၆ ရက်က ကျင်းပခဲ့ရာမှာ လူပေါင်း ထောင်ချီ တစ်ပျော်တစ်ပါး ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
ယခုနှစ် ညစာစားပွဲ ကျင်းပတဲ့ Tuileries gardens ပန်းခြံ မှာတော့ ခေါင်းအစ ခြေအဆုံး အဖြူရောင်တွေ ဝတ်ဆင်လာကြတဲ့ ဧည့်သည်တွေ စုစည်းပြီး ညစာစားပွဲကို ဆင်နွှဲခဲ့ကြပါတယ်။
ယင်း Diner en Blanc ပွဲမှာတော့ ဖိတ်ကြားခံရတဲ့ ဧည့်သည်တွေသာ တက်ရောက််ကြရတာဖြစ်ပါတယ်။
သို့ပေမယ့် ညစာစားပွဲ ကျင်းပမယ့် နေရာကိုတော့ လျှို့ဝှက်ထားလေ့ ရှိပြီး စားပွဲ မစတင်မီ တစ်နာရီလောက်အလိုကျမှသာ ထုတ်ဖော်အသိပေးတာဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ မြို့တွင်းက အထင်ကရ နေရာတွေမှာ ကျင်းပလေ့ ရှိပါတယ်။
ယင်း စားပွဲကို တက်ရောက်ကြမယ့် ဧည့်သည်တွေကတော့ အဖြူရောင် ဝတ်စုံတွေကိုပဲ သီးသန့်ဝတ်ဆင်ပြီး တက်ရောက်ကြရပါတယ်။
ဒါ့အပြင် ဧည့်သည်တွေဟာ ကိုယ်စားမယ့် အစားအသောက်တွေ၊ စားပွဲထိုင်ခုံ၊ စားပွဲခင်း တို့ကိုပါ တစ်ပါတည်း ယူဆောင်လာပြီး တက်ရောက်ဆင်နွှဲကြရပါတယ်။