မြေအက်ကွဲပြီး နေစရာအခက်အခဲရှိသော ပြည်သူများအတွက် မြေကြီးဝယ်ရန် ထောက်ပံ့ငွေပေးအပ်

မြေအက်ကွဲပြီး နေစရာအခက်အခဲရှိသော ပြည်သူများအတွက် မြေကြီးဝယ်ရန် ထောက်ပံ့ငွေပေးအပ်

ပွင့်ဖြူ၊ ဇွန် ၇ ။             ။ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ရွှေလှေကျေးရွာအုပ်စုရှိ မှရိုးကုန်းကျေးရွာ၌ မြေ အက်ကွဲခြင်း၊ ကမ်းပါးပြိုမှုကြောင့် နေစရာမရှိသည့် ပြည်သူများအတွက် နေထိုင်စရာမြေဝယ်ရန် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေကို မကွေးတိုင်းဒေသကြီးအစိုးရနှင့် မကွေးတိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနတို့မှ ငွေကျပ်သိန်း(၅၀၀)ထောက်ပံ့ခဲ့ပြီး ပေးအပ်ပွဲကို ဇွန်လ(၇)ရက် နံနက် (၉)နာရီက မှရိုးကုန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။

ထောက်ပံ့ငွေပေးအပ်ပွဲကို မကွေးတိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန တိုင်း ဦးစီးမှူး ဦးမြင့်စိုး၊ မင်းဘူး ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၊ပွင့်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူးဦးဝင်းရွှေနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဆန်း၊ မင်းဘူးရိုင်မြေစာရင်းဦးစီးဌာန၊ ဌာနဆိုင်ရာ များနှင့် မှရိုးကုန်းကျေးရွာနေ ပြည်သူများ တက်ရောက်ခဲ့သည်။

"မှရိုးကုန်းကျေးရွာက ပြီးခဲ့တဲ့ဇွန်လ (၂)ရက်နေ့ညပိုင်းမိုးရွာသွန်းပြီးနောက် မြေအက်ကြောင်းကြီး တွေဖြစ်ပွားခဲ့တယ်။ ပြီးတော့ အဲ့ရွာက မုန်းချောင်းရေကြီးရင် ကမ်းပါးပြိုမှုတွေဖြစ်တဲ့အတွက် တိုင်းအစိုးရကို ဓာတ်ပုံတွေနဲ့တစ်ကွ တင်ပြလိုက်တယ်။ အဲ့အတွက် တိုင်းအစိုးရက သိန်း (၅၀၀) ထောက်ပံ့တဲ့အတွက် လာရောက်ထောက်ပံ့တာပါ” ဟုခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက ပြောသည်။

အဆိုပါထောက်ပံ့ငွေများဖြင့် ယာမြေများကိုဝယ်ယူပေးပြီး လမ်းဖောက်၍ ဝိုင်းကွက်များရိုက်ကာ နေစရာအခက် အခဲဖြစ်နေသည့် ပြည်သူများကို မဲနှိုက်စနစ်ဖြင့် နေရာချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၊ ရွှေလှေကျေးရွာအုပ်စု၊ မှရိုးကုန်းကျေးရွာတွင် ဇွန်လ (၂)ရက်နေ့ ညပိုင်းမိုးက ရွာသွန်းပြီးနောက် ကျေးရွာရှိ အိမ်ခြေ(၂၀)ခန့်၏ အိမ်ဝိုင်းများတွင် မြေအက်ကြောင်းကြီး များ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် မုန်းကမ်းပါးပြိုကျမှုများလည်း ဖြစ်ပေါ်သဖြင့် ကမ်းဘေးနား နေထိုင်သည့်သူများမှာလည်း ကမ်းပါးပြိုမှုကြောင့် နေစရာအခက်အခဲများ ရှိနေကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required