လောင်စာဆီအကျပ်အတည်းကြောင့် နီပေါသစ်တောများ ခြိမ်းခြောက်ခံနေရ

လောင်စာဆီအကျပ်အတည်းကြောင့် နီပေါသစ်တောများ ခြိမ်းခြောက်ခံနေရ

ခတ္တမန္ဒူ၊ အောက်တိုဘာ ၈ ။           ။ နီပေါ၏ ကမ္ဘာသိကျော်ကြားလှသည့် သစ်တောများမှာ လောင်စာဆီအကျပ်အတည်းနှင့် အတူ ထင်းလိုအပ်ချက် ရုတ်တရက်မြင့်မားလာမှုကြောင့် ခြိမ်းခြောက်ခံနေ ရသည်ဟု အရာရှိများက ပြောသည်။ အိန္ဒိယနှင့် ထိစပ်နေသော နယ်စပ်ပိတ်ဆို့မှုကြောင့် တင်သွင်းကုန်များဝင်ရောက်မှုလည်း ရပ်တန့်ခဲ့သည်။

အိန္ဒိယနှင့် နယ်နိမိတ်ချင်းထိစပ်နေသော တောင်ပိုင်းလွင်ပြင်ရှိ လူမျိုးစုအသိုင်းအဝိုင်းများက ၎င်းတို့အားလုံလောက်စွာ ကိုယ်စားမပြုဟု ဆိုကာ အခြေခံဥပဒေသစ်ကို ဆန့်ကျင်လျက်ရှိသည်။ အိန္ဒိယနှင့် နယ်စပ်တစ်ဝန်း ကုန်တင်ကား ရာပေါင်းများစွာ ရပ်တန့်နေရကာ အနည်းဆုံး လူ၄၀ သေဆုံးခဲ့ပြီးဖြစ်သည်။ နီပေါသည် ကုန်းတွင်းပိတ်နိုင်ငံဖြစ်ပြီး လောင်စာဆီ၊ အစားအစာနှင့် ဆေးဝါးများ တင်သွင်းမှု အတွက် အိန္ဒိယအပေါ်လုံးဝမှီခိုနေရသည်။

တင်သွင်းမှုများမှာ ပြတ်တောက်နေသည်မှာ သီတင်းနှစ်ပတ်ကျော်နေပြီဖြစ်သည်။ အစဉ်အလာအရ သစ်တောများကို ထိန်းသိမ်းသည့် အစဉ်အလာရှိသော်လည်း နီပေါပြည်သူများအနေဖြင့် ထင်းရရှိရေး အတွက် သစ်ပင်များကို ခုတ်ရုံမလွဲ၍ ရွေးချယ်စရာမရှိတော့ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက ပြောသည်။

"မီးဖိုချောင်တွေအတွက် ချက်ပြုရာမှာသုံးတဲ့ ဓါတ်ငွေ့နဲ့ ရေနံဆီတွေမရှိတော့ ထင်းလိုအပ်ချက်ဟာ ရုတ်တရက်မြင့်မားလာပြီး ကျွန်တော်တို့ရဲ့ သစ်တောတွေဟာ ခြိမ်းခြောက်ခံနေရပါတယ်" ဟု နိုင်ငံ တစ်ဝန်းသီးသန့်ရှိနေသည့်သစ်တောများထီးရိပ်အဖွဲ့ကြီးတစ်ခုဖြစ်သော Federation of Community Forestry Users Nepal ၏ဥက္ကဋ္ဌ ဂါနက်ရှ်ကာရ်ကီက ပြောသည်။

ထင်းခုတ်ရန်အတွက် လူများသစ်တောများအတွင်းသို့ ဝင်ရောက်လျက်ရှိပြီး နေရာအချို့တွင် သစ်ပင်များခုတ်လှဲထားသည်ကို တွေ့ရသည့် သတင်းများရရှိထားကြောင်းလည်း ၎င်းက ပြောသည်။

နီပေါသည် ကွန်မြူနတီသစ်တောတွင် ကမ္ဘာ့ဦးဆောင်သူဖြစ်ပြီး ဒေသခံပြည်သူများလည်း သစ်တောထိန်းသိမ်းသူများ ဖြစ်လာသည်။

နီပေါတွင် ကွန်မြူနတီသစ်တောပေါင်း ၁၅,၀၀၀ကျော်နှင့် အမျိုးသားပန်းခြံ ၂၀ရှိပြီး ကြိုးဝိုင်းဧရိယာများလည်းရှိသည်။ နီပေါတောင်ပိုင်း ရောတာဟတ်ခရိုင်တွင် တရားမဝင် ထင်းခုတ်ရာတွင် အသုံးပြုသော စက်ဘီး ၁၅၀ကို သိမ်းဆည်းရမိခဲ့သည်ဟု အစိုးရက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly