မူးယစ်အမှု တရားခံပြေးအား ဖမ်းဆီးရာ ပြန်ခုခံသဖြင့် ရဲမှ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး

မူးယစ်အမှု တရားခံပြေးအား ဖမ်းဆီးရာ ပြန်ခုခံသဖြင့် ရဲမှ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး
ဓာတ်ပုံ- မြန်မာနိုင်ငံရဲတပ်ဖွဲ့

ရန်ကုန်၊ ဇွန်လ ၇ ။          ။ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့၊ ကံလှကျေးရွာအုပ်စု၊ ကျွန်းကုန်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် မူးယစ်အမှုမှ ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံပြေးတစ်ဦးအား ရဲတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီးခဲ့ရာ တူမီး သေနတ်ဖြင့် ခုခံပစ်ခတ်သဖြင့် ရဲမှ ပြန်လည်ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

တရားခံပြေးဖြစ်သူမှာ အသက် ၄၂  နှစ်အရွယ် ရီထွမ်းဆိုသူဖြစ်ပြီး ၎င်းကို နမ္မတီးနယ်မြေရဲစခန်းတွင် မယ(ပ) ၁၀/၂၀၁၉၊ မူး/ စိတ်ပုဒ်မ-၁၆(ဂ)/၂၁၊ မယ(ပ)၁၁/၁၉၊ မူး/စိတ်ပုဒ်မ-၁၆(ဂ)/ ၂၁ နှင့် (ပ)၁၀/၂၀၁၉ လက်နက် ဥပဒေပုဒ်မ -၁၉(စ)အမှုတို့ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါ တရားခံပြေးဆိုသူမှာ ဇွန်လ ၆ ရက်နေ့၊ နံနက် ၁၁ နာရီတွင် နမ္မတီးမြို့၊ ကံလှကျေးရွာအုပ်စု၊ ကျွန်း ကုန်းရပ်ကွက်ရှိ ၎င်း၏နေအိမ်သို့ ရောက်ရှိနေကြောင်းသတင်းအရ နယ်မြေခံရဲတပ်ဖွဲ့ဝင်များမှ သွားရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဖမ်းဆီးခဲ့ရာတွင် တရားခံပြေးက အသာတကြည်အဖမ်းခံခြင်းမရှိဘဲ ရဲတပ်ဖွဲ့ဝင်များကို တူမီးသေနတ် ဖြင့် ခုခံပစ်ခတ်ခဲ့သည့်အတွက် ရဲမှ  ပြန်လည်သတိပေးပစ်ခတ်ခဲ့ရာ တရားခံပြေး ရီထွမ်း၏ ယာလက်ကောက် ဝတ်အား ကျည်ထိမှန်ကာ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

ထို့နောက် ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ ကော်ဗူးဖြင့်ထည့်ထားသည့် ဘိန်းဖြူ(၀ ဒဿမ ၃) ဂရမ်ခန့်၊ အရှည် ၃၇ လက်မခန့်ရှိ တူမီးသေနတ် ၁ လက်၊ ခဲသီး ၄၂ လုံး၊ ယမ်းမှုန့် ၂ ကျပ်သားခန့်တို့ကိုလည်း ရှာဖွေသိမ်းဆည်း ရမိခဲ့သည်။

လက်ရှိတွင် တရားခံပြေးဖြစ်သူ ရီထွမ်းကို သက်ဆိုင်ရာရဲစခန်းတွင် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နေ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly