ပြည်သူများ လိုလာသည့် အပြောင်းအလဲအတွက် တာဝန်ယူမည်ဟု ဦးဆန်းဆင့်အကို ဦးဆန်းမြင့်ဆို

ပြည်သူများ လိုလာသည့် အပြောင်းအလဲအတွက် တာဝန်ယူမည်ဟု ဦးဆန်းဆင့်အကို ဦးဆန်းမြင့်ဆို

၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်အမတ်ဖြစ်ခဲ့သူ ထောင်ဒဏ် ၁၀ နှစ်ကျော် ကျခံနေရသည့် သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ အကို တော်စပ်သူ ဦးဆန်းမြင့်က ပြည်သူအများ လိုလားသည့် အပြောင်းအလဲအတွက် တာဝန်ယူရန် အဆင့်သင့်ဖြစ်နေပြီဟု မဇ္ဈိမနှင့် မေးမြန်းမှုတွင် ပြောဆိုခဲ့သည်။ ညီဖြစ်သူ သာသနာရေးဝန်ကြီးဟောင်း ထောင်ဒဏ် ကျခံနေရခြင်းအတွက်လည်း တရားဥပဒေစိုးမိုးမှု မရှိခြင်းကြောင့်ဟုဆိုသည်။

 

မဲဆွယ်စည်းရုံးရေးတွေမှာ ပြည်သူတွေအတွက် ဘယ်လိုမျိုး ကတိတွေပေးနိုင်ပါသလဲ။

ကျွန်တော်တို့ ပြည်သူတွေအတွက် အပြောင်းအလဲ ဒီမိုကရေစီနိုင်ငံ၊ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံ ဖြစ်ရေး၊ တိုင်းရင်းသား ပြည်သူ တရပ်လုံး ဖက်ဒရယ် စနစ်အောက်မှာ တန်းတူညီတူ အခွင့်အရေးရဖို့၊ ကျွန်တော်တို့ အစိုးရဖြစ်လာရင် ပြည်သူ မကြိုက်ရင် ပြန်ဆင်းပေးမယ်၊ လယ်သမား အလုပ်သမား ကဏ္ဍတွေ တိုးတက်ဖွံဖြိုးအောင်လုပ်ပေးမယ်၊ အဓိက အချက်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ကြိုးစား ဆောင်ရွက်ပေးမယ်၊ ဒီမိုကရေစီစနစ် တည်ဆောက်နိုင်အောင် ပြည်သူ့ဘဝ တိုးတက် ပြောင်းလဲအောင်လို့ ကျွန်တော်တို့ လုပ်နိုင်တာတွေပဲ ကတိပေးတယ် မလုပ်နိုင်တာတွေ ကတိမပေးဘူး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား ရင်ကြားစေ့ရေးကို မဖြစ်မနေ ဖော်ဆောင်မယ်။

 

ကိုယ်စားလှယ်ဖြစ်ရင် လွှတ်တော်မှာ ပထမဆုံးမေးခွန်း အဆို ကြိုတင်ပြင်ဆင်ထားလား ဥပဒေနဲ့ ပတ်သက်တာ အရင်မေးနိုင်လား။

အမျိုးသား လွှတ်တော် ဆိုတော့ ဥပဒေပိုင်း ဆိုင်ရာတွေ ဆောင်ရွက်ရတာ တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်ပြီး အဆိုတွေတင်မှာပါ။ 

 

ဧရာဝတီတိုင်း ဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဦးဆန်းဆင့် ပြစ်ဒဏ်ကျခံရတယ်အပေါ်မှာ ဥပဒေ သမားတယောက်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ကျွန်တော်တို့နိုင်ငံ တရားဥပဒေ စိုးမိုးမရှိသေးဘူး၊ တရားဥပဒေစိုးမိုးမှု မရှိတာသေချာနေတယ်။ ဦးဆန်းဆင့်အမှုကို ကိုယ်တိုင်လိုက်ပါ ဆောင်ရွက်ခဲ့တာပါ၊ ကျွန်တော်တို့ ဥပဒေ အတိုင်း ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရဘူး။ တရားဥပဒေ စိုးမိုးရေးကို အဓိကထားဆောင်ရွက်မှာပါ။ ဦးဆန်းဆင့်မှ မဟုတ်ဘူး တတိုင်းပြည်လုံးမှာ ကျောင်းသားတွေ အလုပ်သမားတွေ တောင်သူ လယ်သမားတွေ၊ လက်ပံတောင်းတောင် ကိစ္စတွေမှာပါ တရားဥပဒေနဲ့ ပတ်သက်ပြီး တရားရေးမဏ္ဍိုင်ကို သူတို့ အုပ်ချုပ်ရေး ယန္တာရားအဖြစ်ကို ဆွဲနေတာတွေ့ရတော့ တရားဥပဒေ စိုးမိုးမှု မရှိသေးဘူး။

 

နိုင်ငံမှာ ပထမဆုံး ပြင်ဆင်သင့်တာ ဘယ်အရာ ဖြစ်မယ်မလဲခင်ဗျာ့။

၂၀၀၈ ဖွဲ့စည်းပုံမှာ အခန်း ၁၂မှာ ပြင်နိုင်တယ်လို့ဆိုတဲ့ ဖွဲ့စည်းပုံ ခွင့်ပြုချက်အရ ပထမဆုံး ၄၃၆ တံခါးကို ဖွင့်ရမယ် မမြီးအမှောက် မတည့်တာတွေ၊ လူအခွင့်အရေး ဆုံးရှုံးနေတာတွေကို အကုန်တန်းတူညီမျှဖြစ်ရေး ဒီမိုကရေစီ အရေးတွေကို ဖွဲ့စည်းပုံမှာ ဖော်ဆောင်နိုင်မှု အားနည်းနေတာ တွေ့ရတယ်။ ကျွန်တော်တို့ ပြည်သူတွေ လိုလားနေတဲ့ ဒီမိုကရေစီအရေးတွေကို ဖော်ဆောင်နိုင်တဲ့ ဖွဲ့စည်းပုံဖြစ်အောင်လုပ်မယ်၊ အရေးကြီးဆုံးက ၄၃၆ ပါ။

 

ဦးဆန်းမြင့်အနေနဲ့ကော ဝန်ကြီးဟောင်း ဦးဆန်းဆင့်လိုမျိုး ကိုယ်စားလှယ်အဖြစ် ရည်မှန်းထားတာ ရှိသလား။

တာဝန်ပေးမှု အပေါ်မှာ တာဝန်ယူဖို့ ဆုံးဖြတ်ထားပါတယ်။ ကျွန်တော်တို့ အခုလည်း ရွေးကောက်ပွဲ အောင်နိုင်ဖို့ NLD အစိုးရဖွဲ့နိုင်ဖို့ ပြည်သူတွေက တာဝန်ပေးရင် အပြောင်းအလဲကိုဖော်ဆောင်ဖို့ တာဝန်ယူနိုင်ပါတယ်။ ကျွန်တော့်ကို သင့်တော်တဲ့ တာဝန်ပေးရင် တာဝန်ယူပြီးထမ်းနိုင်တယ်လို့ ယုံကြည်ပါတယ်။

 

NLDကို ဒုတိယအကြိမ် ပြန်ဝင်ပြီး ကိုယ်စားလှယ်လျှောက်ရတဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲ။

ကျွန်တော် ၉၀ တုန်းက လေးမျက်နှာ ရွေးချယ်ခံ ကိုယ်စားလှယ်ပါ။ အခု အမျိုးသားလွှတ်တော်ပေါ့။ မဲဆန္ဒရှင်ပြည်သူတွေရယ် ရေကြည်မြို့နယ် အလုပ်အမှုဆောင်တွေ တောင်းဆို ချက်ကြောင့် ပါဝင်ခဲ့တာပါ။

 

အမျိုးသား လွှတ်တော် ကိုယ်စားလှယ်နေရာ အတွက်အဓိကပြိုင်ဘက်ပါတီက ဘယ်ပါတီ ဖြစ်မလဲ။

အဓိကအားဖြင့်တော့ ပြည်ခိုင်ဖြိုးပါတီပေါ့။

 

ပြည်သူတွေကို ဘယ်ပြောချင်ပါသေးသလဲ။
 

ကျွန်တော်တို့ကို တာဝန်ပေးပါ၊ ပြည်သူတွေ လိုချင်တဲ့ အပြောင်းအလဲကို တာဝန်ယူဖော်ဆောင်ပေးပါမယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly