မန်းတိုင်းရင်းဆေးဝါးစက်ရုံ အဆင့်မြှင့်ရေးကိစ္စ ၂ နှစ်အတွင်း မပြီးပါက အလုပ်ထွက်မည်ဟု ကျန်းမာရေးဝန်ကြီး ဆို

မန်းတိုင်းရင်းဆေးဝါးစက်ရုံ အဆင့်မြှင့်ရေးကိစ္စ ၂ နှစ်အတွင်း မပြီးပါက အလုပ်ထွက်မည်ဟု ကျန်းမာရေးဝန်ကြီး ဆို

နေပြည်တော်၊ ဇွန် ၆ ။          ။  မန္တလေးမြို့၊ တိုင်းရင်းဆေးဝါးစက်ရုံကို GMP (Good Manufacturing Practice) တိုင်းရင်းဆေးဝါးစက်ရုံ ဖြစ်လာစေရန် ဒေါ်လာ ၃ ဘီလီယံ ဘတ်ဂျက်ပေးပါက ၂ နှစ်အတွင်းဖြစ်မလာလျှင် အလုပ်မှ ထွက်မည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားလိုက်သည်။

“ကျွန်တော်ကို ပိုက်ဆံပေးလိုက်ပါ။ ၃ဘီလီယံ ဒေါ်လာ ပေးလိုက်ပါ။ ၂ နှစ်အတွင်း GMP စက်ရုံကြီး ဖြစ်သွားမယ်။ ဒါကြောင့် ကျွန်တော် GMP စက်ရုံ မဖြစ်နိုင်တဲ့အတွက် GMP ဆိုတဲ့စာလုံးကို ကျွန်တော် ဖယ်ပြီးတော့ တိုင်းရင်းဆေးဝါးစက်ရုံ ကျွန်တော် လုပ်ခြင်းဖြစ်ပါတယ်။ ကျွန်တော့်ကို ပိုက်ဆံရအောင် လုပ်ပေးပါ။ ကျွန်တော် ၂ နှစ် အာမခံပါတယ်။ ၂ နှစ်ရလို့ မဖြစ်ရင် ကျွန်တော် အလုပ်ထွက်ပေးပါမယ်”ဟု ကျန်းမာရေးဝန်ကြီးက ပြောကြားသည်။

ဇွန် ၆ ရက်က ပြည်သူ့လွှတ်တော်တွင် မန္တလေးမြို့၊ သနပ်ပင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက မန္တလေးမြို့ တိုင်းရင်းဆေးဝါးစက်ရုံရှိ အဆောက်အဦနှင့်တပ်ဆင်ထားသော ပစ္စည်းများသည် GMP အဆင့် သတ်မှတ်ချက် ရှိ/မရှိ၊ စက်ရုံကြီး ပြီးစီးပါက တိုင်းရင်းဆေးကုသဌာနများအတွက် လိုအပ်သော ဆေးဝါးများ အလုံအလောက် ထုတ်လုပ်ပေးနိုင်မည့်အခြေအနေနှင့် ပတ်သက်သည့်မေးခွန်းကို ဝန်ကြီးက ပြန်လည်ဖြေကြားပြီးနောက် ထပ်ဆင့်မေးခွန်းအဖြစ် မေးမြန်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စက်ရုံကို ၂၀၁၂-၂၀၁၃ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၊ တည်ဆောက်ရေးစရိတ်သည် ၃.၆၅ ဘီလီယံ၊ စက်နှင့် စက်ပစ္စည်းများအတွက် ၁.၀၂ ဘီလီယံ၊ စုစုပေါင်း ၄.၆၇ ဘီလီယံခန့် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

စက်ရုံအတွက် ပစ္စည်းဝယ်ယူမှုများ မှန်၊ မမှန်၊ GMP အဆင့်မီ ထုတ်လုပ်နိုင်ရန် မည်သည့်အရာများ လိုအပ်ကြောင်း ဂျပန်နိုင်ငံမှ အကူအညီများ၊  စုံစမ်းစစ်ဆေးရေးအဖွဲ့များနှင့် နည်းပညာအကြံပေးအဖွဲ့များကို သွားရောက်ကြည့်ရှုစေထားခဲ့ကြောင်း ဝန်ကြီးက ပထမ မေးခွန်းတွင် ဖြေဆိုထားသည်။

လက်ရှိမှာအဆိုပါ ဆေးဝါးထုတ်လုပ်ရေးစက်ရုံ၏ ရင်းနှီးမြှပ်နှံမှု စရိတ် များပြားသည့်အတွက် အမြန်ဆုံး ဖွင့်လှစ်ခဲ့ရ ကြောင်း ကျန်းမာရေးဝန်ကြီးက ပြောကြားသည်။

“GMP ရဖို့ဆို အနည်းဆုံး ၁၇ ချက်ရှိရပါမယ်။ နောက်ပြီးတော့ အာဆီယံ GMP ဂိုက်လိုင်းလည်း ရှိပါတယ်။ ဒါတွေကို မမှီနိုင်ပါဘူး။ မမှီသော်ငြားလည်း  ဒီ GMP ကြီးကိုရပြီး စောင့်မှ ကျွန်တော်တို့ ဖွင့်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ရှုံးမယ်။ အဲဒီတော့ အမြန်ဆုံးစဖွင့်ရမှာဖြစ်တယ်။ ဖွင့်တဲ့အတွက် ရန်ကုန်မှာ တိုင်းရင်းဆေးစက်ရုံ ရှိတယ်။ မန္တလေးမှာ စက်ရုံအဟောင်းကိုပိတ်လိုက်ပြီးတော့ ဒီအသစ်မှာ စဖွင့်ပါတယ်” ဟု ၄င်းက ပြောကြားသည်။

လက်ရှိတွင် ဆေးဝါး ၅ မျိုး ထုတ်လုပ်နေပြီး  ယခု မေလမှ စက်တင်ဘာလအထိ နောက်ထပ် တိုင်းရင်းဆေး ၅ မျိုးကို ဆက်လက်ထုတ်သွားမည်ဖြစ်ပြီး အရာထမ်း  ၇ ဦး ၊ အမှုထမ်း ၂၇ ဦးဖြင့် လုပ်ငန်းလည်ပတ်နေသည်။

 “စက်ရုံ လည်ပတ်ပုံကအစ ၊ မကြာမကြာ သွားရောက်ပြီးတော့ စစ်ဆေးနေပါတယ်။ GMP ကတော့ မရသေးသော်ငြားလည်း ထွက်လာတဲ့ဆေးများသည် ပြည်သူများကို အန္တရာယ်မရှိနိုင်တဲ့ဆေးများဖြစ်ရမယ်။ အရည်အသွေး တတ်နိုင်သမျှ ကောင်းတဲ့ဆေးများထုတ်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံတွင်  တိုင်းရင်းဆေးရုံ (၁၆)ကုတင်ဆံ့မှ (၁၀၀) ကုတင်ထိ ဆံ့သည့် ဆေးရုံ (၄၀) ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly