ဂျာမနီတွင် လူနာ ၈၅ ယောက်ကို သတ်ခဲ့သည့် သူနာပြုတစ်ဦး ထောင်ဒဏ်တစ်သက် ကျ

ဂျာမနီတွင် လူနာ ၈၅ ယောက်ကို သတ်ခဲ့သည့် သူနာပြုတစ်ဦး ထောင်ဒဏ်တစ်သက် ကျ

ဇွန် ၆ ။          ။ ဆေးရုံတက်လူနာ ၈၅ ဦးခန့်ကို အကြောင်းမဲ့ သတ်ဖြတ်ခဲ့မှုဖြင့် ဂျာမန် အမျိုးသား သူနာပြုတစ်ဦးကို ဇွန်လ ၆ ရက်မှာ တရားရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်သည်။

ယင်းအတွက်ကြောင့် ၎င်းသူနာပြုမှာ စစ်ပြီးခေတ် သမိုင်းကြောင်းအတွင်း အရက်စက်ဆုံးသော လူသတ်ကောင် တစ်ဦး ဖြစ်သည်ဟု ယုံကြည်ရသည်။

နီးလ် ဟိုးဂယ်လ် အမည်ရ အဆိုပါ လူသတ်တရားခံ သူနာပြု၏ စိတ်လွတ်လက်လွတ် သတ်ဖြတ်ခဲ့သည့် လုပ်ရပ်များအပေါ် မည်သို့မျှ နားမလည်နိုင်ကြောင်း တရားသူကြီး ဆီဘက်ရှန် ဘူဟာမန်က ပြောသည်။

အသက် ၄၂ နှစ်အရွယ် တရားခံ ဟိုးဂယ်လ်မှာ ၂၀၀၀ ပြည့်နှစ်နှင့် ၂၀၀၅ ခုနှစ်အကြားကာလအတွင်း ၎င်း ပြုစုစောင့်ရှောက်ခဲ့ရသည့် လူနာများအနက် အလျင်းသင့်သလို ရွေးချယ်ပြီိး လူနာတစ်ချို့ကို ဆေးထိုးသတ်ဖြတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ဟိုးဂယ်လ်သည် အခြားသော လူသတ်မှု ခြောက်ခုအတွက် ယခင်ကတည်းက ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံထားရပြီဖြစ်တာကြောင့် လက်ရှိအချိန်မှာလည်း အကျဉ်းထောင်ထဲတွင် ဖြတ်သန်းနေခဲ့ရသည်မှာ ဆယ်စုနှစ် တစ်စုကျော်ပင် ကြာခဲ့ပြီ ဖြစ်သည်။

ယခုကိစ္စတွင် ၎င်းအား တရားစွဲနိုင်ဖို့အတွက် အမှုတည်ဆောက်ရန် အလောင်းပေါင်း ၁၃၀ ကျော်လောက်ကို တူးဖော်ခွဲစိတ်စစ်ဆေးမှုများ လုပ်ဆောင်ရန် လိုအပ်ခဲ့သည်။

ယခုအခါ လူနာ ၈၅ ဦးယောက် သတ်မှုဖြင့် စီရင်ချက်ချလိုက်ခြင်း ဖြစ်သော်လည်း ဟိုးဂယ်လ်ကြောင့် သေဆုံးသူ ဦးရေမှာ ၂၀၀ ကျော်အထိ ပင် ရှိနိုင်ကြောင်း ရဲများက သံသယရှိနေသည်။

သို့သော်လည်း ၎င်းကြောင့် သေဆုံးခဲ့သည်ဟု သံသယရှိသည့် အလောင်းအများအပြားမှာ ရင်ခွဲစစ်ဆေးမှု မလုပ်နိုင်ခင်မှာပင် မီးသဂြိုဟ်ပြီးသားဖြစ်ခဲ့သည်အတွက် ၎င်းကြောင့် လူဘယ်လောက် သေဆုံးခဲ့သည် ဆိုသည်ကို တိတိကျကျ ထုတ်ဖော်နိုင်စွမ်း မရှိကြောင်း တရားရုံးက ပြောသွားသည်။

ဇွန်လ ၅ ရက် အိုဒင်ဘာ့ဂ်မြို့ မြောက်ပိုင်း တရားရုံးတွင် အပြီးသတ် နောက်ဆုံးကြားနာမှုအတွင်း ဟိုးဂယ်လ်က ၎င်းကြောင့် သေဆုံံးသွားသူများ၏ မိသားစုများကို ၎င်းအား ခွင့်လွှတ်ပေးကြရန် တောင်းဆိုသွားခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly